သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ရောဂါကင်းရေး အမေရိကန် ကြိုးပမ်းမည်


ဗွီအိုအေ (မြန်မာပိုင်း) မှ ကိုသားညွန့်ဦး AIDS ညီလာခံသို့ သွားရောက်သတင်းယူစဉ်။(ဓာတ်ပုံ/ကြေးမုံ။ ဇူလိုင် ၂၃၊ ၂၀၁၂။)
ဗွီအိုအေ (မြန်မာပိုင်း) မှ ကိုသားညွန့်ဦး AIDS ညီလာခံသို့ သွားရောက်သတင်းယူစဉ်။(ဓာတ်ပုံ/ကြေးမုံ။ ဇူလိုင် ၂၃၊ ၂၀၁၂။)
AIDS ရောဂါကင်းတဲ့ မျိုးဆက်သစ်တခု ဖန်တီးဖို့ အမေရိကန်ပြည်ထောင်စုက သံန္နိဌာန် ခိုင်ခိုင်မာမာ ချထားတယ်လို့ ညီလာခံရဲ့ ဒုတိယနေ့ဖြစ်တဲ့ မနေ့တုန်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသွားပါတယ်။ ညီလာခံကို တက်ရောက် သတင်းယူနေတဲ့ ကိုသားညွန့်ဦးက ညီလာခံကျင်းပရာ ဝါရှင်တန်ကော်ဗန်းရှင်းစင်တာကနေ သတင်းပေးပို့ထားပါတယ်။

“Turning the tide together” ဒီလှိုင်းကို အတူရင်ဆိုင် ကျော်လွှားကြစို့ဆိုတဲ့ ကြွေးကြော်သံနဲ့ အခုနှစ် ကျင်းပတဲ့ ၂၀၁၂ နိုင်ငံတကာ အေစ်ညီလာခံမှာ အဓိက လွှမ်းမိုးပြောဆိုနေတဲ့ အကြောင်း အရာကတော့ AIDS free generation အေ့ဒ်စ်၊ ရောဂါကြီးလုံးဝပပျောက်သွားတဲ့ လူ့ မျိုးဆက် တခု ဖြစ်လာဖို့ဆိုတဲ့ ရည်မှန်း ပြောဆို ဆွေးနွေးမှုဖြစ်ပါတယ်။ အေ့စ်ရောဂါဆိုင်ရာ ဆေး သုတေသန လုပ်ငန်းတွေဟာ တိုးတက်မှု ရှိလာပြီးတော့၊ အေစ့်ရောဂါကို ကာကွယ်ကုသနိုင်မယ့် ဖြစ်နိုင်ချေတွေ ပိုပြီး သေချာလာပြီလို့ ဆေးသုတေသီတွေရော မူဝါဒရေးဆွဲသူတွေကပါ ပြောခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ အေ့စ်ရောဂါဆိုးကြီးကင်းတဲ့ မျိုးဆက်ဖြစ်လာရေး ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုင်းဖြတ်ထားပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဇူလှိုင် ၂၃ ရက်နေ့ ညီလာခံအတွင်း ပြောဆို သွားပါတယ်။

“အသေအချာ ရှင်းရှင်းလင်းပြောဖို့ အခု ရောက်လာတာပါ၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ အနာဂတ်မှာ အေစ့်ရောဂါ ကင်းတဲ့ မျိုးဆက်ဖြစ်လာရေး အောင်မြင်အောင် ဆောင်ရွက်သွားဖို့ ပိုင်းဖြတ်ထားပါတယ်။ ဒါကို နောက်ဆုတ်သွားမှမဟုတ်ပါဘူး။ အလျှော့ပေး သွားမှာမဟုတ်ပါဘူး။ သမိုင်းတွင်မယ့် ဒီရည်မှန်းချက်ဖြစ်လာဖို့ လိုအပ်ချက်တွေအားလုံးအတွက် တိုက်ပွဲဝင်သွားပါမယ်။”- လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောဆိုသွားတာပါ။

HIV/AIDS တိုက်ဖျက်ရေးအစီအစဉ်ဟာ လက်ရှိ သမ္မတအိုဘားမားအစိုးရရဲ့ အရေးတကြီး လုပ်ဆောင်သွားမယ့် ကိစ္စရပ်ဖြစ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။ လက်ရှိအားဖြင့်လည်း အမေရိကန်နိုင်ငံဟာ HIV/ AIDS တိုက်ဖျက်ရေး အထူးသဖြင့်ဆိုရင် HIV ဆေးသုတေသနလုပ်ငန်းတွေမှ ရှေ့က ဦးစီး ဦးဆောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြုထားတာပါ။ အခု ညီလာခံ အတွင်းမှာ ဆေးသုတေသန ဆိုင်ရာတွေ့ရှိချက်တွေ ကို ဆွေးနွေးကြသလို တဘက်မှာ ရောဂါကာကွယ်ရေးနဲ့ ကုသရေး တွေ့ရှိချက်တွေကိုလည်း တက်ရောက်လာတဲ့ ကျွမ်းကျင်သူတွေက အပြန်အလှန်ဆွေးနွေးကြပါတယ်။

တချိန်တည်းမှာ အေစ့် ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်ဆောင်နေကြ လူမှုအဖွဲ့အစည်းတွေဟာလည်း ဒီ ညီလာခံရဲ့ အဓိက ဒေါင့်တခုဖြစ်ပါတယ်။ အာရှ ပစိဖိတ်ဒေသ လူငယ်တွေအကြား အေ့စ်ရောဂါနဲ့ပတ်သက်လို့ ပညာပေးရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Youth LEAD အဖွဲ့ရဲ့ ညှိနှိုင်းရေးမှူး မသော်ဇင်အေးဟာ မြန်မာနိုင်ငံကပါ။
သူဟာ အခု ညီလာခံရဲ့ ဆွေးနွေးပွဲတခုမှာ အဓိက ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်ပါတယ်။

“အဓိက ဒီမှာ ဆွေးနွေးမှာက အထူးသဖြင့် လူငယ်တွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှာပါ။ အထူးသဖြင့် ညီမ ဆွေးနွေးမှာ ဘာလဲဆိုတော့ အဓိက လူငယ်တွေ HIV နဲ့ပတ်သက်ပြီး risk ဖြစ်တဲ့ လူငယ်တွေပေါ့။ အထူးသဖြင့် young sex……… အဓိက လူငယ်တွေ၊ အဲဒီ အတွက် အခွင့်အရေးကို အဓိက ဆွေးနွေးမှာပါ။ နောက်ပြီးတော့ လူငယ်တွေရဲ့ ခေါင်းဆောင်မှု-ဒါမျိုးတွေကိုလည်း ဆွေးနွေး မှာပါ။”

မြန်မာနိုင်ငံထဲမှာရော HIV/ AIDS နဲ့ပတ်သက်လို့ ဘယ်လောက်အထိ သိနားလည်မှု ဘယ်လောက်ထိ ရှိနေပြီလဲ။

“ညီမ ၁၆ နှစ်၊ ၁၇ နှစ်တုန်းကနဲ့စာရင်တော့ အများကြီး တိုးတက်လာပါပြီ။ နောက် HIV နဲ့ ပတ်သက်ပြီး အသိအမြင်လည်း ပိုရှိလာတယ်လို့ ထင်ပါတယ်။ ဒီညီလာခံကို လာတဲ့အတွက် ညီမ အတွေ့အကြုံအရမ်းရပါတယ်။ အထူးသဖြင့် နိုင်ငံတကာကလူတွေနဲ့တွေ့ပြီး စကားပြော ရပါတယ်။ ညီမတို့ လူငယ်တွေတင် မဟုတ်ဘူးပေါ့နော်။ Policy maker တွေ၊ decision maker တွေ၊ အထူး သဖြင့် သိပ္ပံပညာရှင်တွေ ဒီလိုမျိုး သူတို့တွေက တယောက်နဲ့တယောက် message sharing လုပ်တယ်။ (သတင်းအချက်အလက်တွေ ဖလှယ်ကြတယ်။) နောက်ပြီး ကိုယ့်ဆီမှာ ရှိတာတွေကို ကိုယ်က ဘာတွေ ပြောပြနိုင်သလဲဆိုတာ အဲဒါတွေက အများကြီး ညီမအတွက် အတွေ့အကြုံ ရစေပါတယ်။”

လူငယ်တွေတင် မဟုတ်ပါဘူး၊ အမျိုးသမီးတွေအကြား sex worker လို့ ခေါ်တဲ့ ပြည့်တန်ဆာတွေ အကြား၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ အကြား၊ လိင်တူချင်း စိတ်ဝင်စားသူတွေအကြား - အေ့စ်ရောဂါ နဲ့ပတ်သက်လို့ ပညာပေးမှုတွေကိုလည်း အခု ညီလာခံအတွင်းမှာ တွေ့ရ ပါတယ်။ အထူးသဖြင့်တော့ global village လို့ ခေါ်တဲ့ ကမ္ဘာရွာပြခန်းဟာ အခြေခံလူမှုအဖွဲ့အစည်းတွေ အကြား အေ့စ်ရောဂါနဲ့ ပတ်သက်လို့ ဘယ်လို ပညာပေးကြမလဲဆိုတာ၊ ဘယ်လို ပညာပေးနေကြလဲ ဆိုတာ ဖော်ပြတဲ့ နေရာဖြစ်ပါတယ်။

အဲဒီမှာတော့ နိုင်ငံတကာက အထူးသဖြင့်ဆိုရင် တတိယနိုင်ငံက သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု၊ ဓလေ့၊ ထုံးစံတွေကို ပြသသလိုပဲ အဲဒီ ရိုးရာ ယဉ်ကျေးမှု အခြေခံပေါ်မှာ တချို့က ကာကွယ်ရေး၊ ပညာပေးရေး လုပ်ငန်းတွေကို ဘယ်လို လုပ်ကိုင်နေကြသလဲဆိုတာကို ပြသပါတယ်။
အခု အေစ့် ညီလာခံကို အမေရိကန်ပြည်ထောင်မှာ ၂၂ နှစ်အတွင်း အခု ပထမဆုံးအကြိမ် ပြန်လည် ကျင်းပနိုင်တာပါ။

နောက်ဆုံးအကြိမ်ကတော့ ၁၉၉၀ ခုနှစ်က ဆန်ဖရန်စစ္စကို မြို့မှ ာ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ HIV ရောဂါပိုးရှိသူတွေကို ပြည်ဝင်ခွင့် မပေးမူကြောင့် အေ့စ် ညီလာခံကို ထပ်မံ ကျင်းပဖို့ မဖြစ်ခဲ့ပါဘူး။ ၂၀၁၀ ခုနှစ်မှာတော့ ဒီကန့်သတ်ချက်ကို သမ္မတ အိုဘးမား အစိုးရက ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။ ဒီအတွက် HIV ရောဂါပိုးရှိသူတွေပါ ပါဝင် တက်ရောက်ဆွေးနွေးလေ့ရှိတဲ့ ဒီညီလာခံ ကို အခု ပြန်ကျင်းပနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခု ညီလာခံတတ်ရောက်ဖို့ sex workers တွေကို ပြည်ဝင်ခွင့်မပေးတဲ့ အပေါ် မှာတော့ ညီလာခံအတွင်း အတော်လေး ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် လိင်ဖျော်ဖြေမှုလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အေစ့်ပညာပေး အစီအစဉ်တွေ အပေါ်မှာ အမေရိကန်က အကူအညီတွေ အထောက် အပံ့တွေ ကန့်သတ်မှုရှိတာနဲ့ပတ်သက်လို့လည်း ဝေဖန်တာတွေ ရှိပါတယ်။

၆ ရက်ကြာကျင်းပမယ့် ညီလာခံကိုတော့ နိုင်ငံပေါင်း ၁၉၀ ကျော် က ဆေးသုတေ သီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ အေ့ဒ်စ် တိုက်ဖျက်ရေးမှာ ပါဝင်လုပ်ကိုင်နေကြ သူတွေ အေစ့်ရောဂါသည်တွေ စုစုပေါင်း နှစ်သောင်းကျော် တက်ရောက်ပါတယ်။ ထင်ရှားသူတွေ ထဲကဆိုရင် သမတဟောင်း ဘီကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဝန်ကြီး ကတ်သရင်း ဆာ ဘလီးယက်၊ အကျော်အမော်တွေထဲကဆိုရင် ဘီလ် ဂိတ်၊ အယ်လ်တန်ဂျွန် တို့ တတ်ရောက်ကြပါတယ်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကုလအတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့ကလည်း ဗီဒီယိုမိန့်ခွန်းပေးပို့ခဲ့ပါတယ်။
XS
SM
MD
LG