သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အတွက် အမေရိကန်စစ်ရေးအကူအညီ ဒေါ်လာသန်း ၄၀ ပေးမည်


ဖိလစ်ပိုင်နိုင်ငံအတွက် စစ်ရေးအကူအညီသစ် အမေရိကန်ဒေါ်လာ သန်း ၄၀ ပေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကြေညာလိုက်ပါတယ်။ ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ ကာလရှည် မဟာမိတ်နိုင်ငံတခုဖြစ်ပြီး တရုတ်နိုင်ငံနဲ့ နယ်မြေ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ နိုင်ငံပါ။

ဖိလစ်ပိုင်သမ္မတ ဘန်နစ်နို အကွီနို (Benigno Aquino)၊ နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဘတ် ဒယ်လ် ရိုဆာရီးယို (Albert del Rosario) တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ မနီလာမြို့တော်မှာရောက်နေတဲ့ မစ္စတာကယ်ရီက အင်္ဂါနေ့မှာ အဲဒီလိုကြေညာခဲ့တာပါ။

ဒီအကူအညီဟာ ဖိလစ်ပိုင်ရဲ့ ရေကြောင်းကာကွယ်ရေးစွမ်းရည်ကို တိုးတက်စေမှာဖြစ်ပြီး နိုင်ငံတောင်ပိုင်းက မူဆလင် ပုန်ကန် ထကြွမှုကိုနှိမ်နင်းတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို တိုးမြှင့်လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံကို ဒေါ်လာ ၁၈ သန်း အကူအညီအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ရေပြင်ပိုက်နက်ကို ကာကွယ်ဖို့ ဒေါ်လာ ၃၂ သန်းအကူအညီပေးမယ်လို့ တနင်္လာနေ့က ကြေညာခဲ့တဲ့အပြင် ဖိလစ်ပိုင်ကို သီးခြားအကူအညီ ထပ်ပေးတာပါ။

ဒီအကူအညီတွေဟာ တရုတ်နိုင်ငံ ထွန်းပေါက်လာတာကို တန်ပြန်ဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ မစ္စတာကယ်ရီကပြောပေမဲ့ ရန်လိုတဲ့လုပ်ရပ်မျိုးတွေ မလုပ်ကြဖို့ကိုတော့ ဘက်အားလုံးကို သတိပေးပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG