မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းကြောင့်တော့ အမေရိကန် ပြည်ထောင်စုရဲ့ ထိတွေ့ ဆက်ဆံမှုနဲ့ အကူအညီတွေကို နောက်ပြန်ဆုတ်လိုက်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အကူအညီပေးရေးဆိုင်ရာ အမေရိကန်အေဂျင်စီရဲ့ အကြီးအကဲကပြောလိုက်ပါတယ်။ ဒီအကျပ်အတည်းကြောင့် အတားအဆီးတခု ရှိနေပေမဲ့ အနာဂတ်မှာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြောပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) အကြီးအကဲ Mark Green က မြန်မာနိုင်ငံမှာ အမေရိကန်အနေနဲ့ အကူအညီပေးပြီး ထိတွေ့ဆက်ဆံ တာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ အပေါ် သူယုံကြည်တဲ့အကြောင်း သောကြာနေ့က ရန်ကုန်မြို့၊ အမေရိကန်စင်တာမှာလုပ်တဲ့ သတင်းမီဒီယာ တွေနဲ့ စကားဝိုင်းဆွေးနွေးပွဲ အတွင်း ပြောသွား တာပါ။
“အမေရိကန် ထိတွေ့ဆက်ဆံမှုပေါ် ကျနော်ယုံကြည်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေရဲ့ အရေးပါမှုပေါ် ကျနော် ယုံကြည်ပါတယ်။ လူသားစာနာမှု အကူအညီတွေရဲ့ အရေးပါမှုပေါ် ကျနော်ယုံကြည်ပါတယ်။ ရင်ဆိုင်ရမယ့် အခြေအနေတွေ ရှိနေတဲ့အခါမှာ အမေရိကန်အနေနဲ့ နောက်ပြန်ဆုတ်လိုက်တာကြောင့် ပိုကောင်းသွားမယ်လို့ ကျနော် မယုံကြည်ပါဘူး။ ကျနော် တို့ လုပ်နေတာတွေအပေါ် ကျနော် သိပ်ကို ယုံကြည်မှုရှိပါတယ်။”
မြန်မာနိုင်ငံမှာ လွတ်လပ်မှု၊ သာယာဝပြောမှုနဲ့ ဂုဏ်သိက္ခာရှိမှုတွေ ပိုပြီး ကျယ်ပြန့် ခိုင်မာလာစေဖို့အတွက် အမေရိကန် ပြည်ထောင်စုက အကူအညီပေးနေတယ်လို့ USAID ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ ဒါ့အပြင် USAID ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အားကောင်းစေဖို့၊ စီးပွားရေး အခွင့်အလန်းတွေ ပေါများလာစေဖို့၊ ကျန်းမာရေး စောင့်ရှောက်မှုပိုင်း တိုးတက်ပြီး အားနည်းချို့တဲ့တဲ့ လူမှု အဝန်းအဝိုင်းတွေ ခိုင်မာလာစေဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေ့ဆက် လုပ်ဆောင်နိုင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပိုပြီးကျယ်ပြန့်လာစေဖို့ ကူညီ လုပ်ဆောင်ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
သောကြာနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲအတွင်းမှာလည်း Mark Green က ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ ကိစ္စရပ်တွေ အများအပြားရှိတယ်လို့ သူတို့အနေနဲ့ ယုံကြည်တဲ့အကြောင်း ပြောသွားပါတယ်။
“အဲဒီစီမံကိန်းတွေကို လုပ်ဆောင်သွားနိုင်ဖို့အတွက် ကျနော်တို့ စိတ်အားထက်သန်နေပြီး ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ လည်း တိုက်ရိုက် ပြောဆို ဆွေးနွေးထားပါတယ်။ ဒီမှာ ကျနော်တို့ ပိုပြီး လုပ်ဆောင်ချင်ပါတယ်။ ကောင်းမွန်တဲ့လုပ်ငန်းတွေ၊ ကြီးမားတဲ့ လုပ်ငန်းတွေကို ကျနော်တို့ လုပ်ဆောင်ချင်ပါတယ်။”
လက်ရှိ ရိုဟင်ဂျာအကျပ်အတည်းဟာ အဲဒီလုပ်ငန်းတွေမှာ အတားအဆီးဖြစ်နေတဲ့ အကျပ်အတည်းတခုသာ ဖြစ်ပြီး အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လျှော့ချ ရုပ်သိမ်းဖို့ အကြောင်းအချက်တခုတော့ မဟုတ်ဘူး လို့လည်း Mark Green ကပြောပါတယ်။
“ဒီနိုင်ငံဟာ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတခုပါ။ သိပ်ကိုကြီးမားတဲ့ အလားအလာကောင်းတွေ ရှိနေတဲ့ နိုင်ငံတခုလို့ ကျနော် ယူဆပါတယ်။ ဒီလုပ်ငန်းမှာ အတားအဆီးတခုရှိနေပြီး အဲဒါကတော့ အခု ကျနော်တို့ပြောနေတဲ့ အကျပ်အတည်းပါပဲ။ ဒါပေမဲ့ ရေရှည် အနာဂတ်မှာ အဲဒီအတားအဆီးကို ကျနော်တို့ ဖြေရှင်းနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”
USAID အကြီးအကဲ Mark Green ဟာ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း နေထိုင်သူများအရေးဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mark Storella ၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး Gloria Steele တို့နဲ့အတူ မေလ ၁၇ ရက် ကြာသပတေးနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ စနေနေ့မှာတော့ လူထု အခြေ ပြုအဖွဲ့အစည်းတွေ၊ လူငယ်အဖွဲ့တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။
Mark Green ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ USAID အကြီးအကဲဖြစ်လာပြီး ကတည်းက ဆိုရင် ပထမ ဆုံးခရီးစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို မလာခင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်းကိုသွားပြီး ဒုက္ခ သည်တွေနဲ့ တွေ့ဆုံပါတယ်။
အဲဒီခရီးစဉ်အတွင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကနေတဆင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေအတွက် အကူအညီ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးမယ့် အကြောင်း ပြောပါတယ်။ ဒါ့အပြင် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ လူသားစာနာမှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီအတွက် ရန်ပုံငွေ ဒေါ်လာ ၁၄ သန်း ပေးမယ် လို့လည်း USAID ကပြောထားပါတယ်။
Mark Green ဟာ မြန်မာနိုင်ငံခရီးစဉ်ပြီးတဲ့နောက် မေလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ် ခင်ဗျား။