သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အမျိုးသမီး သမိုင်းတင် ကမ္ဘာ့ဖလားဗိုလ်လုပွဲ ခြေစွမ်း


ကနေဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလားမှာ အမေရိကန်အသင်းက ဗိုလ်စွဲပြီး ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က ဗန်ကူးဗား (Vancouver) မြို့မှာကစားခဲ့တဲ့ နောက်ဆုံးဖိုင်နယ်မှာ အမေရိကန်က ဂျပန်ကို ၅ ဂိုး ၂ ဂိုး နဲ့ နိုင်လိုက်တာဖြစ်ပါတယ်။ ဒီပွဲအပေါ် ၂ ဘက်အသင်းရဲ့ တုံ့ပြန်သံတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။

၂၀၁၅ FIFA အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဖိုင်နယ်ကို အမေရိကန်နဲ့ ဂျပန်အသင်းတို့ ကစားခဲ့ကြတာမှာ အမေရိကန်အသင်းက ၅ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ကမ္ဘာ့ဖလားကို ဗိုလ်စွဲသွားပါတယ်။ ကနေဒါနိုင်ငံ ဗန်ကူဗားမြို့မှာ တနင်္ဂနွေနေ့က ကစားခဲ့ကြတာမှာတော့ အမေရိကန်အသင်းက ပွဲစတာနဲ့ အတင်းဝင်၊ အတင်းထွက် ရဲရဲတင်းတင်းကစားခဲ့ပြီး ၊ ပွဲစပြီး ၁၅ မိနစ်အတွင်းမှာပဲ ၄ ဂိုး နဲ့ ဦးဆောင်ခဲ့တာပါ။ အမေရိကန်က ကိုယ့်ဂိုးကိုယ်သွင်းတဲ့တဂိုးအပါအဝင် ဂျပန်အသင်းက ၂ ဂိုး ပြန်ရခဲ့ပေမယ့် အမေရိကန်က နောက်တဂိုးသွင်းလိုက်တာကြောင့် နောက်ဆုံးမှာ ၅ ဂိုး ၂ ဂိုးနဲ့ ကမ္ဘာ့ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ၃ ဂိုးသွင်းပေးခဲ့တဲ့ အမေရိကန်အသင်းက နံပါတ် ၁၀ Carli Lloyd က သူတို့ အနိုင်ရလိုက်တာနဲ့ ပတ်သက်ပြီး

“အိပ်မက်တခုလိုပါပဲ။ မယုံနိုင်လောက်အောင် အံ့သြဖို့လည်းကောင်းပါတယ်။ ဒီနေ့ ကျမတို့ သမိုင်းမှတ်တိုင်တခု ရေးနိုင်ခဲ့ပြီး၊ ဒီကမ္ဘာ့ဖလားကို ကျမတို့နိုင်ငံကို ပြန်ပြီးယူသွားနိုင်ပြီဖြစ်ပါတယ်။”

ကမ္ဘာ့ဖလားပွဲမတိုင်ခင် ဝေဖန်တာတွေခံခဲ့ရတဲ့ အမေရိကန်နည်းပြ Jill Ellis ကတော့ သူ့အသင်း ၁ သင်းလုံးအတွက် ဂုဏ်ယူတယ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်အသင်းဟာ ၁၉၉၁ နဲ့ ၁၉၉၉ ခုနှစ်တွေမှာလည်း ချန်ပီယံဖြစ်ခဲ့ပြီး အခုတကြိမ်အနိုင်ရလိုက်တဲ့အတွက် ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားကို ၃ ကြိမ်မြောက် ဗိုလ်စွဲပြီး အများဆုံးရထားတဲ့အသင်းအဖြစ်နဲ့ စံချိန်တင်လိုက်ပါတယ်။ ဒီပွဲကို ပရိသတ် ၅ သောင်းကျော် ကြည့်ရှုခဲ့ပြီး အမေရိကန်ဒုသမ္မတ ဂျိုးဘိုင်ဒန်လည်း ကွင်းမှာ ကိုယ်တိုင်သွားရောက် အားပေးခဲ့တာကိုတွေ့ခဲ့ရပါတယ်။

မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုယဉ်ထွေးကတော့ အမေရိကန်အသင်းဟာ ထိုက်ထိုက်တန်တန်အနိုင်ရတာဖြစ်ပြီး အခုလို ဖိုင်နယ်မှာ ခြေစွမ်းပြပြီးအနိုင်ရသွားတဲ့အပေါ်မှာ သူပြောတာက-

"သူတို့မကစားခင်က ကြိုတင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်တယ်လေ။ သူတို့က ရှုံးကြွေးကိုဆပ်တဲ့ အတိတ်က ကိစ္စတွေတင်မဟုတ်ဘူး။ ဒီအခုလက်ရှိ ကစားတဲ့ပွဲ နိုင်ကိုနိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချထားတဲ့အပြင် အသင်းလိုက်ရော တယောက်ချင်းရော စည်းစည်းလုံးလုံးနဲ့ အတင်းဝင်၊ အတင်းဖျက် ခံစစ်အနေနဲ့ရော လျှက်တပြက် ကစားသွားတဲ့အပေါ်မှာ ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ ၁၀၀ % တွန်းတွန်းတိုက်တိုက်နဲ့ တကယ့် World Cup ဖလားကြီး တို့ရရမယ်ဆိုတဲ့ ခံစားချက်ကို စိတ်ထဲမှာထည့်ပြီးတော့ ကစားသွားတဲ့အတွက် ရသွားတဲ့ ရလဒ်တခုပဲဖြစ်တယ်။"

ဒီပွဲမှာ အမေရိကန်ရဲ့ စတုတ္ထဂိုးကို Carli Lloyd က ဂိုးနဲ့ ၅၄ ကိုက် အကွာ ကွင်းလယ် စက်ဝိုင်းကနေ သွင်းယူခဲ့တာပါ။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းသက်တမ်းတလျှောက် အခုလိုမျိုး ကွင်းလယ်စက်ဝိုင်းကနေ ပထမဆုံးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီဂိုးသွင်းခဲ့တာကို Carli Lloyd အခုလို ပြောပါတယ်။

“ကျမမှတ်မိတာက ဘောလုံးရတယ် ပြီးတော့ ကန်ခွင့်ရလိုက်တယ်။ ဂိုးသမားရှေ့ထွက်နေတာကို ကျမတွေ့လိုက်တော့ ကန်လိုက်တာ။ ကန်လိုက်တာလည်း ကွက်တိပဲ၊ ကျမထင်တယ် အဲဒီထက်ကောင်းအောင် ကျမထပ်မကန်နိုင်တော့ဘူး။ ဂိုးသမားလက်နဲ့တော့ နည်းနည်းထိသွားပေမယ့်၊ ဂိုးထဲဝင်သွားတော့၊ မယုံနိုင်လောက်အောင်ပါပဲ။”

ဂျပန်နည်းပြ Norio Sasaki ကလည်း Carli Lloyd ဟာ အရမ်းထူချွန်တဲ့ကစားသမားဖြစ်ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆုရတာ ထိုက်တန်တယ်လို့ ပြောလိုက် ပါတယ်။ ဒီဂိုးနဲ့ ပတ်သက်ပြီး မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ကိုယဉ်ထွေးကတော့ အခုလို ပြောပါတယ်။

"အမျိုးသမီး ဘောလုံးထဲမှာ အခုလို Center ကနေ ဂိုးသွင်းလိုက်တာ ဒီဂိုးလ်က ပထမဆုံးဂိုးပဲ။ သူ့ရဲ့ကစားပုံရော သူ့ရဲ့ဖြတ်ထိုးဉာဏ်ရော၊ သူ့ရဲ့ လျှင်မြန်မှုကိုကြည့်ရင် ဒါကို ကျနော်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက ဒီဘောလုံးကို ဆွဲရင်းနဲ့ ဖတ်ခနဲ ဂိုးကို ထည့်လိုက်တာ ဂိုးသမားက ရှေ့ကို ရောက်နေတဲ့အတွက် ကျွံနေတယ်။ ဘောလုံးက ကန်ချက်ရော ကန်အားရော ထိချက်ကမှန်တဲ့အတွက် ဂိုးသမား မလိုက်နိုင်လို့ ဂိုးသမား ဂိုးသွားတာ။ ဒါကြောင့် ကျနော် အမေရိကန် နံပါတ် ၁၀ ဟာ အကောင်းဆုံး Golden Ball အဖြစ် ထိုက်တန်တယ်လို့ ပြောရမယ်။"

ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆု ရွှေဘောလုံးဆုကို ကာလီလွိုက်ဒ် (Carli Lloyd) က ရရှိခဲ့ပြီး၊ ဂိုးအများဆုံးသွင်းတဲ့ ရွှေဖိနပ်ဆုကို ဂျာမနီက ဆီလီယာ ဆာဆစ် (Celia Sasic) က ရခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမား ရွှေလက်အိတ်ဆုကို အမေရိကန်ဂိုးသမား ဟုပ်ဆိုလို (Hope Solo) ရရှိပြီး အကောင်းဆုံးလူငယ်ဘောလုံးသမားဆုကို ကနေဒါအသင်းက ကဒီရှာ ဘွတ်ရှ်နန် (Kadeisha Buchanan) က ရသွားပြီးတော့ အသန့်ရှင်းဆုံး အသင်းဆုကိုတော့ ပြင်သစ်အသင်းက ရသွားခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG