သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်အခြေအနေ ကန်ပစ်ထားလို့မဖြစ်နိုင်


အမေရိကန် ပြည်ထောင်စုအနေနဲ့ အပြစ်မဲ့ပြည်သူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို မျက်နှာလွှဲမနေနိုင်ဘူးလို့ ပြောပြီး ဒါကြောင့် အီရတ်မှာ ဝင်ရောက်စွက်ဖက်ရတာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘာမားက ပြောလိုက်ပါတယ်။

အစ္စလာမ်သူပုန်တွေနဲ့ဝေးရာ ထွက်ပြေးလာပြီး အီရန်နိုင်ငံက တောင်တန်းတွေကြားမှာ ပုန်းခိုနေရတဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာ အသက်ရှင်ဖို့ အမေရိကန်စစ်တပ်က လေယာဉ်နဲ့ချပေးတဲ့ အစားအသောက်နဲ့ရေတွေဟာ အထောက်အကူဖြစ်စေမှာပါလို့ မစ္စတာ အိုဘာမားက ဒီ စနေ အပတ်စဉ်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

စင်ဂျားတောင်ကြားက ဒုက္ခသည်တွေမှာ ခရစ်ယာန်တွေ၊ ယာဇီဒီတွေနဲ့ အခြား ဘာသာရေး လူနည်းစုတွေပါဝင်ပြီး သူတို့ဟာ အစ္စလာမ် နိုင်ငံတော် စစ်သွေးကြွတွေရဲ့ ဘာသာကူးပြောင်းရင် ပြောင်း၊ မပြောင်းရင် သေကြ ဆိုတဲ့အမိန့်ကြောင့် ထွက်ပြေးလာကြတာပါ။

ပြီးခဲ့တဲ့သောကြာနေ့မှာ အမေရိကန်ပြည်ထောင်စုဟာ အီရတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ အစ္စလာမ်နိုင်ငံတော်က စစ်သွေးကြွတွေကို အဝေးထိန်း လေယာဉ်တွေ ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ သုံးပြီး ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်ခဲ့ပါတယ်။

ဒီလို တိုက်ခိုက်တာဟာ အာဘရေးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် စစ်ရေးအကြံပေးနဲ့ သံတမန်တွေကို ကာကွယ်ဖို့ လုပ်ရတာ ဖြစ်တယ်လို့ မစ္စတာ အိုဘာမားက ပြောပါတယ်။

အစ္စလာမ်နိုင်ငံတော်က စစ်သွေးကြွတွေ ရှေ့တက်ပြီး ကဒ်နယ်မြေ အစွန်အဖျားကမြို့တွေကို ခြိမ်းခြောက်လာတဲ့အတွက် အခုလို တိုက်ခိုက်တာရတာ ဖြစ်တယ်လို့ အကြီးတန်း အစိုးရတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

XS
SM
MD
LG