သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပနိုင်ငံသားတွေအပေါ် အမေရိကန် လျှို့ဝှက်ထောက်လှမ်းခြင်းမရှိ NSA အကြီးအကဲထွက်ဆို


ဥရောပတိုက်သား သန်းနဲ့ချီရဲ့ တယ်လီဖုန်းဆက်သွယ်မှု မှတ်တမ်းတွေကို အမေရိကန် ထောက်လှမ်းရေးက ရယူခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝ မမှန်ကန်ဘူးလို့ အမျိုးသားလုံခြုံရေးအေဂျင်စီ NSA အကြီးအကဲက ပြောလိုက်ပါတယ်။

အဲဒီမှတ်တမ်းတွေကို ဥရောပထောက်လှမ်းရေး အေဂျင်စီတွေက မျှဝေခဲ့တာ ဖြစ်တယ်လို့ အင်္ဂါနေ့က လွှတ်တော်ကြားနာပွဲမှာ NSA အကြီးအကဲ Keith Alexander က ပြောပါတယ်။ ရှေ့တန်းရောက်နေတဲ့ အမေရိကန်နဲ့ ဥရောပတပ်တွေ အိမ်မှာနေတဲ့ ပြည်သူတွေကို ရရှိတဲ့ အသေးစိတ် အချက်အလက်တွေသုံးပြီး အကာအကွယ်ပေးခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ထောက်လှမ်းရေး ကန်ထရိုက်တာ လုပ်ခဲ့သူ Edward Snowden NSA ကနေ ခိုးယူသွားတဲ့ အချက်အလက်တွေကို ဥရောပသတင်းစာတွေက မှားယွင်း ဖော်ပြခဲ့ကြတယ်လို့ NSA အကြီးအကဲက ဆိုပါတယ်။

နိုင်ငံပေါင်း ၃၅ နိုင်ငံက ခေါင်းဆောင်တွေရဲ့ တယ်လီဖုန်းဆက်သွယ်မှုတွေနဲ့ အဆက်အသွယ် လုပ်မှုတွေကို NSA က လျှို့ဝှက်ထောက်လှမ်းတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံရေး ယုံကြည်ချက်မျိုးစုံနဲ့ အမေရိကန် သန်းနဲ့ချီ အမျက်ဒေါသ ထွက်နေကြပါတယ်။

NSA က ရရှိတဲ့ ကမ္ဘာတဝှမ်း များပြားလှတဲ့ တယ်လီဖုန်းနဲ့ အင်တာနက် ဆက်သွယ်မှု အချက်အလက်တွေကြောင့် လတ်တလော နှစ်တွေအတွင်း အမေရိကန် ပြည်ထောင်စုမှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မယ့် အစီအစဉ် ၁၃ ခါနဲ့ ဥရောပမှာ ၂၅ ခါကို တားဆီးနိုင်ခဲ့တယ်လို့ NSA အကြီးအကဲ Keith Alexander က လွှတ်တော်ကြားနာပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂါနေ့ကပြုလုပ်တဲ့ လွှတ်တော်ကြားနာပွဲမှာ အမေရိကန် ဗဟိုထောက်လှမ်းရေး CIA ဒါရိုက်တာ James Clapper ကလည်း ထွက်ဆိုခဲ့ပါတယ်။ နိုင်ငံခြားခေါင်းဆောင်တွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းတာဟာ အမေရိကန် ထောက်လှမ်းမှုရဲ့ အခြေခံကျတဲ့ မူတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံခြားခေါင်းဆောင်တွေရဲ့ မူဝါဒတွေနဲ့ သူတို့ရဲ့ ရည်ရွယ်ဆောင်ရွက်ချက်တွေက အမေရိကန်အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲဆိုတာကို သိဖို့ လိုအပ်တယ်လို့ Mr. Clapper က ပြောပါတယ်။ အမေရိကန် မဟာမိတ်တွေကရော အမေရိကန်ကို ထောက်လှမ်းနေသလားဆိုတဲ့ အမေးကိုလည်း သူက သိပ်ကို သေချာတာပေါ့လို့ ပြန်ဖြေသွားပါတယ်။
XS
SM
MD
LG