သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်ရေး ဥပဒေတွေ ပြင်ဆင်ဖို့ HRW တိုက်တွန်း


ဆန္ဒပြကျောင်းသားတွေ အဖမ်းခံရစဉ် (မတ်လ ၁၀ ရက်နေ့ ၂၀၁၅)
ဆန္ဒပြကျောင်းသားတွေ အဖမ်းခံရစဉ် (မတ်လ ၁၀ ရက်နေ့ ၂၀၁၅)

အတိုက်အခံ သဘောထားကွဲပြားသူတွေကို နှိပ်ကွပ်ရာမှာ အသုံးပြုတဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်း ပြင်ဆင်မှုတွေ လုပ်ဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက မြန်မာလွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ အတိုက်အခံ သဘောထားကွဲပြားသူတွေကို ဖမ်းဆီးထောင်ချမှုတွေ အဖန်ဖန် သံသရာကို အဆုံးသတ်စေဖို့ ဒီ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဦးဆောင်တဲ့ အစိုးရက နိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးမှုနဲ့ အမှုရင်ဆိုင်နေရသူ ၂၀၀ နီးပါးကို မကြာခင်က လွှတ်ပေးလိုက်ပေမယ့် အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီး ချုပ်နှောင်ခံထားရသူတွေနဲ့ အမှုရင်ဆိုင်နေရသူတွေ ရာနဲ့ချီ ကျန်ရှိနေသေးတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး Human Rights Watch အဖွဲ့ကြီးက ကြေညာချက်ထုတ် ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ အတွက် NLD အစိုးရ အနေနဲ့ ဆက်လက် ဆောင်ရွက်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး HRW ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး Phil Robertson က ပြောဆိုပါတယ်။

“ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ရှိနေပါသေးတယ်။ စွဲဆိုချက် အများအပြားနဲ့လည်း ရင်ဆိုင်နေရတာပါ။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသားတွေ လွှွတ်ပေးနေတာက မပြီးသေးပါဘူး။ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ဆက်ပြီး လွှတ်ပေးသင့်ပါတယ်။ သင်္ကြန် အပြီးလောက်မှာ NLD အစိုးရက နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

အုပ်ချုပ်သူ အာဏာပိုင်တွေနဲ့ သဘောထား ကွဲပြားသူတွေ၊ အတိုက်အခံတွေကို ဖမ်းဆီးနေမှုတွေ အဆုံးသတ်နိုင်ရေး အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖြစ်စေတဲ့ ဥပဒေ၊ ပြဌာန်းချက်တွေကို ပြင်ဆင်ဖို့ ဒါမှမဟုတ်လည်း ပယ်ဖျက်ဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ကြီး HRW က တိုက်တွန်းပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး HRW ရဲ့ အာရှ ပစိဖိတ်ဆိုင်ရာ ဒုတိယ ညွန်ကြားရေးမှူး Phil Robertson က အခုလို ဆက်ပြီး ပြောဆိုပါတယ်။

“NLD အစိုးရဘက်က ဖြေရှင်းဆောင်ရွက်ပေးသင့်တဲ့ ဥပဒေတွေကို ကျနော်တို့ အဆိုပြုထားပါတယ်။ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့် ဥပဒေ၊ မတရားသင်း ဥပဒေ တို့လို ပြစ်မှုဆိုင်ရာ ဥပဒေတွေ၊ အရေးပေါ် အခြေအနေဆိုင်ရာ ပြဌာန်းချက်တို့လို ဥပဒေတွေအားလုံး ပြန်လည်ရုပ်သိမ်းသင့်ပါတယ်။ နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က လွှတ်တော် ၂ ရပ်လုံးကို ကြီးစိုးထားလိုက်ပြီမို့ သူတို့ အနေနဲ့ လွယ်လင့်တကူ လုပ်ဆောင်လို့ ရပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။ ဒီလို မလုပ်ဘူးဆိုရင်တော့ ဒေသန္တရ အုပ်ချုပ်ရေး အရာရှိတွေ၊ ရဲတွေက ဒီဥပဒေတွေကို သုံးပြီး ဒေသန္တရ အဆင့်မှာဘဲ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းကြ ဆီးကြ လုပ်ကြမှာပါ။ အဲဒီတော့ လွှတ်ပေးလိုက်တဲ့ လူတွေရဲ့ နေရာမှာ နောက်ထပ် ဖမ်းဆီးခံရတဲ့ နိုင်ငံရေး အကျဉ်းသား အသစ်တွေ ထပ်ပြီးရောက်လာမယ်။ ”

ဒါ့အပြင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးနေတဲ့ ဆက်သွယ်ရေး ဥပဒေတို့လို ဥပဒေတွေကိုလည်း ပြန်လည်သုံးသပ်ဖို့ HRW အဖွဲ့ကြီးက ဒီကနေ့ ထုတ်တဲ့ ကြေညာချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်ပါတယ်လို့ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ရုံးက ကြေညာခဲ့ပြီးနောက် ဧပြီလ ၈ ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ အမှုရင်ဆိုင်နေရသူ ၂၀၀ နီးပါးတို့ လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ကျန်ရှိနေသေးသူတွေ လွတ်မြောက်ရေး အတွက် သင်္ကြန်ကာလ နှစ်သစ်ကူး ရုံးပိတ်ရက်တွေ အပြီး တရားရုံးတွေ ပြန်လည် ဖွင့်လှစ်တဲ့ အခါမှာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး အတွက် ဆက်ပြီး ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုထားတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူတွေ ဧပြီလကုန်ပိုင်းမှာ ထပ်ပြီး လွတ်မြောက်လာမယ်လို့ အများက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ရဲ့ စာရင်းတွေ အရတော့ နိုင်ငံရေး အကျဉ်းသား၊ အမှုရင်ဆိုင်နေရသူ ၃၀၀ ကျော် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

XS
SM
MD
LG