သုံးရလွယ်ကူစေသည့် Link များ

ကျန်းမာရေးအန္တရာယ်ကြောင့် မိုးကြိုးအက်ဆစ်စက်ရုံရွှေ့ပေးဖို့ AI တောင်းဆို


စစ်ကိုင်းတိုင်း လက်ပံတောင်းဒေသမှာ စပယ်တောင်ကြေးနီစီမံကိန်း လုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ မိုးကြိုး ဆာလဖျူရစ်အက်ဆစ်စက်ရုံဟာ ရွာတွေနဲ့ အလွန် နီးကပ်စွာ တည်ရှိနေပြီး၊ ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးဆိုးရွားရွား ထိခိုက်မှု ဖြစ်စေတဲ့အတွက် စက်ရုံကို ရွှေ့ပြောင်းဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။

မြန်မာ စစ်တပ်က ပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုး ဆာလဖျူရစ် အက်ဆစ်စက်ရုံဟာ အနံ့ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်စေပြီး၊ စက်ရုံအနီးမှာရှိတဲ့ ကျောင်းကုန်းရွာမှာ နေထိုင်တဲ့ ဒေသခံရွာသားတွေကို အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါ၊ အရေပြားနဲ့ မျက်လုံးရောဂါတွေ ဖြစ်ပွားစေတာ တွေ့ရတယ်လို့ ဇူလိုင်လ ၂၀ ရက်နေ့က Amnesty International အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Amnesty International အဖွဲ့က ဒီစက်ရုံကို အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်တဲ့အကြောင်း အဖွဲ့ရဲ့ အာရှရေးရာဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် T Kumar က ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“အခုလို အနီးတ၀ိုက်မှာ နေထိုင်နေတဲ့ ရွာသားတွေကို ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်စေတဲ့ ဒီစက်ရုံ ဆက်လက် လည်ပတ်နေတဲ့အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International မှ အလွန်အမင်း စိုရိမ်မိပါတယ်။ ကျနော်အနေနဲ့ ဒီစက်ရုံကို အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရက ပါဝင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် စက်ရုံကိုပိုင်ဆိုင်တဲ့ မြန်မာ့တပ်မတော်အနေနဲ့လည်း ဒီစက်ရုံကြောင့် ကျန်းမာရေးပြဿနာတွေ ကြုံရတဲ့ ရွာသူရွာသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့အတွက် တိုက်တွန်းလိုပါတယ်။ ဒါဟာ တပ်မတော်က ပိုင်ဆိုင်တဲ့ စက်ရုံတရုံက အခုလို စက်ရုံအနီးမှာ နေထိုင်တဲ့ ရွာသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှုဖြစ်စေပြီး အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။”

ဒါ့အပြင် ၂၀၁၃ ခုနှစ်က အစိုးရဌာနတခုနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တဖွဲ့ရဲ့ မြေနမူနာ စစ်ဆေးချက်အရ မြေဆီလွှာထဲမှာ ဆာလဖိတ်ဓာတ်တွေ ပါဝင်မှု အလွန်မြင့်မားနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ စက်ရုံကထုတ်လွှတ်တဲ့ ဓာတ်ငွေ့တွေကြောင့် ဒေသခံ တောင်သူလယ်သမားတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဧပြီလက အဲဒီစက်ရုံကနေ ဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ အက်ဆစ်စက်ရုံက ဓာတ်ငွေ့တွေ ယိုစိမ့်မှုတွေကြောင့် အသက်ရှူမ၀ ဖြစ်လာတဲ့အပေါ်မှာ ကံကုန်းကျေးရွာသားတွေက သွားရောက် ကန့်ကွက်ခဲ့ကြပါတယ်။ အစပိုင်းမှာ ကျေးရွာသားတွေရဲ့ ကန့်ကွက်မှုကို စက်ရုံဘက်က လက်ခံ ဖြေရှင်း တုံ့ပြန်မှုမရှိပေမဲ့ ရွာသားအင်အား ၅၀၀ ကျော် တောင်းဆိုတဲ့အခါမှာတော့ ဖြေရှင်းပေးဖို့ လက်ခံခဲ့တယ်လို့ ကံကုန်းရွာက ရွာသားတဦးက အခုလို ရှင်းပြပါတယ်။

“ဒီစက်ရုံအနားမှာရှိတဲ့ ၉ တန်းကျောင်းသားတယောက်က လည်ချောင်းကင်ဆာရောဂါနဲ့ အသက်ရှူလမ်းကြောင်းမှာ ကင်ဆာနဲ့ သေသွားတာ ကျနော်တို့မှာ ရှိခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့မှာ တခု ဘာရှိသလဲဆိုတော့ ဒီအကြောင်းကြောင့်ဖြစ်တယ်ဆိုတာကို တိတိကျကျ မပြောနိုင်သော်ငြားလည်း ဒီစက်ရုံကြောင့်ဖြစ်နေရတယ်ဆိုတဲ့ ကျနော်တို့စိတ်ထဲမှာ သံသယစိတ်တွေ အရမ်း ကြီးထွားနေရတယ်။ ပြောမယ်ဆိုရင်တော့ ၂၀၀၆-၂၀၀၇ သူတို့စက်ရုံ တည်ပြီးနောက်ပိုင်းမှာ ဒီလိုမျိုး အကြိမ်ကြိမ်အခါခါတွေ ကျနော်တို့ ဖြစ်ခဲ့တယ်။ ၂၀၁၃၊ ၁၀ လပိုင်းလောက်မှာ အက်ဆစ်ငွေ့တွေကြောင့် သီးနှံတွေ ပျက်စီးခဲ့တာတွေ ရှိခဲ့တယ်။ အခုအချိန်ထိ ဖြေရှင်းပေးတာတွေ မရှိဘူး။ နောက်နှစ်မှာလည်း ဒီလိုမျိုး အက်ဆစ်ငွေ့က ကျနော်တို့ ဘယ်လို ပြောမလဲဗျာ။ ရာသီဥတုပြောင်းလဲလို့ ဖြစ်တဲ့ ပုံစံမျိုး ဒီအက်ဆစ်ငွေ့တွေကြောင့် စိုက်ခင်းတွေ ပျက်စီးတာ အကြိမ်ကြိမ် အခါခါ ဖြစ်ခဲ့တယ်။ ဒါကို ကျနော်တို့ သွားရောက်ပြောဆိုကြတဲ့အချိန်မှာ စက်ရုံက ကျနော်တို့ကို ဖြေရှင်းမှုမပေးခဲ့ဘူး။ ဒီလိုမျိုးနံတာကတော့ အကြိမ်ပေါင်း မနည်းတော့ဘူး။ ရွာသားတွေကိုယ်တိုင်ကလည်း ဒီလိုနံ လို့ သွားပြောတဲ့အချိန်မှာ တချို့ဟာတွေက ပိုက်ပေါက်လို့ နံတယ်။ အဲဒီမှာ ရပ်ပေးတာလိုမျိုးရှိခဲ့တယ်။ တချို့ဟာတွေက လုံးဝကို ဖြေရှင်းမပေးဘဲနဲ့ လျစ်လျူရှုခံခဲ့ရတဲ့ဟာမျိုးတွေလည်း ကျနော်တို့ ရှိခဲ့တယ်ဗျ။”

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုးဆာလဖျူရစ် အက်ဆစ်စက်ရုံကို ၂၀၀၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ စစ်ဆေးမှုကို ခံခဲ့ရပါတယ်။ အဲဒီတုန်းက ကုမ္ပဏီဟာ ဒီစက်ရုံကို ဒေသခံ အာဏာပိုင်တွေဆီက ခွင့်ပြုချက်မရဘဲ တည်ဆောက်ခဲ့တာဖြစ်ကြောင်း တွေ့ခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ခွင့်ပြုချက်မရှိဘဲ စက်ရုံလည်ပတ်နေခဲ့တဲ့အတွက် အရေးယူ အပြစ်ပေးမှု မရှိခဲ့ဘူးလို့ AI အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ၂၀၁၅ ခုနှစ်နောက်ပိုင်း အသစ်တက်လာတဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စက်ရုံကို လည်ပတ်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့လ ၁၅ ရက်က ဒေသခံအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ စက်ရုံလုပ်ငန်းတွေ ပြန်လည် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

Amnesty International အဖွဲ့ဟာ အခုဖြစ်ရပ်ကို ဆက်လက် အနီးကပ် စောင့်ကြည့်နေပြီး၊ ဒေသခံတွေရဲ့ တိုင်ကြားမှုတွေကိုလည်း လက်ခံပြီး မှတ်တမ်းတင်နေတယ်လို့လည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG