သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး အခြေအနေ ဆိုးရွား လာနေကြောင်း AI ပြော


Amnesty International ( နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး)
Amnesty International ( နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး)

ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်တို့ကို အခုလို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တဲ့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး အနေနဲ့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး အခြေအနေတွေအပေါ် အထူး စိုးရိမ် ပူပန်ကြောင်းနဲ့ ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အတွက် အမှောင်ဖုံး တဲ့ နေ့တနေ့ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက် ပါတယ်။ အပြည့်အစုံကိုတော့ Amnesty ရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar ကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ယောက် ပေါင်း ၅ ယောက်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပခုက္ကူခရိုင် တရားရုံးက မနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထောင်ဒဏ် ၁၀ စီ ပြစ်ဒဏ် ချမှတ်လိုက်တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တုန့်ပြန် ပြောဆိုမှုတွေ ထွက်ပေါ်လာနေတဲ့အထဲက နောက်ဆုံး ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေနဲ့ အမှုဆောင်အရာရှိတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်အတွက် အမှောင်လွမ်းတဲ့ နေ့တနေ့ဖြစ်ကြောင်း Amnesty က ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေ တဖြည်းဖြည်း ဆိုးရွားလာနေတဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ အထူး စိုးရိမ်ပူပန်မိကြောင်း Amensty အမေရိကန်ရုံးခွဲရဲ့ အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

“ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေးအခြေအနေတွေ တဖြည်းဖြည်း ဆိုးရွားလာနေတဲ့ အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးအနေနဲ့ အထူးပဲ စိုးရိမ် ပူပန်မိပါတယ်။ အခုနောက်ဆုံး ဖြစ်ရပ်ကတော့ သတင်းမီဒီယာ ဌာနတွေကို နှုတ်ပိတ်တဲ့အနေနဲ့ အခုနောက်ဆုံး သတင်းထောက် ၅ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်စီ ထောင်ဒဏ် အပြစ်ပေးလိုက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။”

ဇန်နဝါရီလက မကွေးတိုင်းပေါက်မြို့နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတခုကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး ဂျာနယ်ရဲ့အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေ ကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ - CPJ ကလည်း ကြာသပတေးနေ့က ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်စီရင်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးနေတဲ့ နိုင်ငံတကာက အလှုရှင်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရအပေါ် အကူအညီပေးနေတာတွေကို ပြန်လည် သုံးသပ်ပြီး သံတမန်ရေးနည်းလမ်းအရ ဖိအားပေး လုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ယူနတီဂျာနယ်က သတင်းထောက်တွေကို အခုလို ပြင်းထန်တဲ့ စီရင်ချက်ချလိုက်တဲ့ အပေါ် မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြလိုက်ပြီး အခုလို စီရင်ချက် ချလိုက်တဲ့အပေါ် စိတ်ပျက်မိကြောင်းနဲ့ စာနယ်ဇင်းသမားတွေ အနေနဲ့ အကာကွယ်မဲ့မှုခံစားရကြောင်း တခြား ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကလည်း ထုတ်ဖော် ပြောဆိုကြပါတယ်။

ယူနတီဂျာနယ် သတင်းထောက်တွေအမှုကို မျှမျှတတ စဉ်းစားပေးဖို့ ပြည်တွင်း သတင်းမီဒီယာအဖွဲ့အစည်းတွေက လွှတ်တော်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးကို အကြိမ်ကြိမ် စာရေးအကြောင်းကြားခဲ့တဲ့ကြားကပဲ အခုလို ပြင်းထန်တဲ့ စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တဲ့ အစိုးရတိုင်းက သူတို့ဖက်က ချိုးဖောက်မှုကို ခုခံကာကွယ်ဖို့ အကြောင်းပြချက် အသီးသီးရှိကြတာကြောင့် မြန်မာအစိုးရဟာလည်း တခြား လူ့အခွင့်အရေးချိုးဖောက်တဲ့ တိုင်းပြည်တွေလို အကြောင်းပြချက် ရှိနေမှာဖြစ်တဲ့အကြောင်း Amnesty International အဖွဲ့က အာရှရေးရာ ညွန်ကြားရေးမှူး T Kumar က ပြောပါတယ်။

“ ဒီနေရာမှာ စိုးရိမ်စရာကောင်းတာက အစိုးရက သူတို့ဟာ တိုင်းပြည်ကို ဖွင့်ပေးလိုက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို လုပ်ဆောင်နေပါပြီ လို့ ပြောတယ်။ ဒါပေမယ့် အခုဖြစ်နေတာက ဆန့်ကျင်ဘက်လုံးလုံးဖြစ်နေတယ်။ တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေလုပ်ဆောင်ပြီး သတင်းထောက်တွေနဲ့ တခြားလူတွေကို လိုက်လံ ဖမ်းဆီး အပြစ်ပေးနေတယ်။ ဒါကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာတာက - မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဖက်ကို ဦးတည်လျှောက်လှမ်းနေသလား . . . . . . မသွားပါဘူး၊ မှန်ကန်တဲ့ဘက်ကို ဦးတည်သွားမနေပါဘူး။ လူ့အခွင့်အရေးရှုဒေါင့်ကကြည့်မယ်ဆိုရင် အခြေအနေက ပိုဆိုးလာနေပါတယ်။ အဲဒါကို တိုးတက်ကောင်းမွန်လာအောင် အစိုးရအနေနဲ့ ချက်ခြင်း လုပ်ဆောင်သင့်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဖမ်းခံထားရတဲ့သူတွေကိစ္စ၊ ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စ စတာတွေအတွက် အစိုးရအနေနဲ့ ဖြေရှင်းချက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။”

ဒီသတင်းထောက်တွေဟာ အများပြည်သူ သိသင့် သိထိုက်တယ်လို့ ယူဆတဲ့ သတင်းအချက်အလက်တွေကို ရေးသား ဖော်ပြခြင်းဖြစ်တဲ့အတွက် သူတို့ ၅ ဦးစလုံးဟာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူတွေအဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး အနေနဲ့ ယုံကြည်ကြောင်းနဲ့ သူတို့ကို ချက်ခြင်း လွတ်ပေးဖို့ တောင်းဆိုကြောင်းလည်း Amnesty International က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလူတွေ ဖမ်းဆီး အပြစ်ပေးခံရတဲ့အမှုကို ကြည့်ခြင်းအားဖြင့် အစိုးရအနေနဲ့ လူ့အခွင့်အရေးအခြေအတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက် ပါမယ်လို့ ပြောဆိုနေတာတွေ အချည်းအနှီးဖြစ်သွားစေကြောင်း နဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်းမီဒီယာသမားတွေကို ဖမ်းဆီး အရေးယူမှုတွေ ရပ်တန့်မယ့်အကြောင်း အစိုးရက ပြောဆိုနေတဲ့ကြားကပဲ အခုနှစ်ဆန်းပိုင်းကစပြီး သတင်းမီဒီယာသမားတွေအပေါ် ဖိနှိပ် ချုပ်ချယ်မှုတွေဟာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေတယ်လို့ Amnesty International ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG