အီရန်နိုင်ငံအရှေ့ပိုင်းက ကျောက်မီးသွေးတွင်းမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူ ၃၃ ယောက်ထက်မနည်း သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရသွားခဲ့တယ်လို အီရန်အာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။ မနေ့စနေနေ့ညက စတင်ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ အီရန်နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး သတ္တုတွင်းပေါက်ကွဲမှုဖြစ်ပြီး နောက်ထပ် ပျောက်ဆုံးနေတဲ့သူတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုဟာ တဟီရန်မြို့တော် အရှေ့တောင်ဘက် မိုင် ၃၀၀ ကျော်အကွာက Tabas မြို့မှာ ဖြစ်ပွားခဲ့တာပါ။ သေဆုံးသွားတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ကျောက်မီးသွေးတွင်းထဲကနေ ကျောက်မီးသွေးတွေသယ်တဲ့ ရထားတွဲတွေသယ်ခဲ့ကြရတာပါ။
ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာတော့ အဲဒီမှာ အလုပ်လုပ်နေတဲ့သူ ၇၀ လောက်ရှိတာပြီး၊ ၁၇ ယောက်ကတော့ ကျောက်မီးသွေးတွင်းရဲ့ မြေအောက် အနက်ပေ ၆၅၀ လောက်ကနေ ၂၃၀၀ လောက်မှာ ပိတ်မိနေကြတယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်းက နောက်ပိုင်းမှာ ကြေညာပါတယ်။ ဒါပေမဲ့လည်း ဒီပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက တနေ့လုံးလိုလို အပြောင်းအလဲတွေ ဖြစ်နေပြီး၊ တချို့သတင်းတွေကတော့ သေဆုံးတဲ့သူ အရေအတွက် ဒီထက်ပိုများနိုင်တယ်လို့ ဖော်ြပပါတယ်။
အခုလို ဒီပေါက်ကွဲမှုဖြစ်ရတာဟာ Methane ဓါတ်ငွေ့ယိုစိမ့်ခဲ့တာကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့အတွက် နယူးယောက်မြို့ကိုသွားဖို့ ရှိနေတဲ့ အီရန်သမ္မတ Masoud Pezeshkian ကတော့ ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်နိုင်ဖို့အတွက် အစွမ်းကုန်လုပ်ဆောင်ကြဖို့နဲ့ မိသားစုဝင်တွေကို အကူအညီပေးဖို့ အမိန့်ထုတ်ထားပြီး၊ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကိုလည်း စတင်နေပြီလို့ ပြောလိုက်ပါတယ်။
Forum