အိန္ဒိယ- မြန်မာနယ်စပ်ဒေသရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ကျေးရွာတစ်ရွာအတွင်းကို အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်က နယ်မြေကျော်လွန် ဝင်ရောက်လာကြောင်း ဒေသတွင်းအခြေစိုက် CDF ပလက်၀ အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ အာသံရိုင်ဖယ် စစ်သားတွေဟာ နယ်စပ်မှတ်တိုင်စစ်ဆေးဖို့ လာရောက်တာဖြစ်ပေမဲ့ ပလက်ဝနယ်က ရွာအတွင်းကို ဝင်ရောက် စစ်ဆေး မေးမြန်းတာတွေ လုပ်တာရှိကြောင်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစံကျော် ပြောပြပေးပါမယ်။
အိန္ဒိယနိုင်ငံရဲ့ အစိုးရလက်နက်ကိုင်တပ်ဖြစ်တဲ့ အာသံရိုင်ဖယ်တပ်သားတွေဟာ ဒီလ ၁၃ရက်နေ့ နေ့ခင်း ၁၂နာရီလောက်မှာ ပလက်ဝမြို့နယ် ရွှေလိုက်ဝရွာ အတွင်းကို ဝင်ရောက်ခဲ့တာပါ။
အာသံရိုင်ဖယ်တပ်ဟာ နယ်ခြားမှတ်တိုင်ကို လာရောက်စစ်ဆေးပြီးနောက် မြန်မာနိုင်ငံအတွင်းကို ကျော်လွန် ဝင်ရောက်လာတာဖြစ်ကြောင်း ဒေသတွင်းအခြေစိုက် CDF ပလက်ဝက တာဝန်ရှိသူတစ်ဦးက VOA ကို အခုလို ပြောပါတယ်။
“ အာသံရိုင်ဖယ်တွေက ကျနော်တို့ ဒီ CDF ပလက်ဝရဲ့ တပ်ရင်း ၂ လှုပ်ရှားနယ်မြေဖြစ်တဲ့၊ အိန္ဒိယနယ်စပ်နဲ့ တစ်မိုင်တောင် မဝေးတဲ့ ရွှေလိုက်ဝလို့ ရှိတယ်။ အဲဒီရွာကို အာသံတွေက လက်နက်အပြည့်အစုံ ယူနီဖောင်းနဲ့ ဝင်ပြီးတော့မှ ရွာတွေမှာလည်း စစ်ဆေး မေးမြန်းတာတွေ ရှိတယ်ပေါ့လေ။ သူတို့ ပြန်သွားတဲ့အချိန်မှာ အိန္ဒိယ-မြန်မာ ကျောက်တိုင်ထူတဲ့နေရာ ရောက်တဲ့အချိန်မှာ သူတို့ သေနတ်ဖောက်တယ်။ ၁၀ ချက်လောက်။ ”
အိန္ဒိယစစ်သား ၁၅ယောက်လောက် ဝင်ရောက်လာတာလို့လည်း ပြောပါတယ်။ ဒီလို နယ်မြေကျော်လွန်ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သံတမန်နည်းအရ အရေးယူ ဆောင်ရွက်စေလိုကြောင်းလည်း ပြောပါတယ်။
“ တခြားတိုင်းပြည်က လက်နက်အပြည့်အစုံနဲ့ ရွာထဲကို ဝင်လာတယ်ဆိုတဲ့ဟာမျိုးတွေ၊ ဓါတ်ပုံရိုက်တယ်ဆိုတဲ့ဟာမျိုးတွေက ကျနော်တို့ ပြည်သူတွေ ထိတ်လန့်တယ်။ ဒီဟာမျိုးအပိုင်းတွေမှာ NUG အနေနဲ့ အိန္ဒိယနဲ့ သံတမန်ဆက်ဆံရေးကို ပြန်လည် သုံးသပ်ပြီးတော့မှ နယ်စပ်တွေရဲ့ Boundary ဧရိယာတွေကို သေသေချာချာလေး ညှိနှိုင်းသင့်တယ် ဆိုတဲ့ဟာမျိုးကို ပြောတာပါ။ ”
ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အိန္ဒိယစစ်တပ်တွေ နယ်မြေကျော်လွန် ဝင်ရောက်လာတဲ့သတင်းကို ဒေသခံတွေဆီက တဆင့်ကြားသိရကြောင်းနဲ့ ဒါဟာ အိန္ဒိယနဲ့ မြန်မာစစ်ကောင်စီ ပူးပေါင်းဆောင်ရွက်တာလို့ ယူဆကြောင်း ပြောပါတယ်။
“ ကျနော်တို့လည်း ဒေသခံတွေ သတင်းပို့ချက်အရ ကြားပါတယ်။ စစ်တပ်ဆိုတာက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သက်ဆိုင်ရာကို သတင်းမပို့ဘဲနဲ့ ကျော်လာတာမျိုးက မရှိခဲ့ပါဘူး။ ဒါပေမဲ့ တစ်ခု တွက်လို့ ရတာက ဒီအိန္ဒိယက နွေဦးတော်လှန်ရေးဖြစ်တည်ပြီးနောက်ပိုင်း ဒီစကစနဲ့ သူတို့က အဆင်ပြေတဲ့အနေအထားမှာ ရှိတယ်ဆိုတော့ ချိတ်ဆက်မှုတွေ ဆက်လက်ပြီးတော့ လုပ်တယ်။ အဲဒီလိုပဲ မြင်ပါတယ်။”
ချင်းပြည်နယ်ရှိဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ဒီနှစ် ဇန်နဝါရီလ တတိယအပတ်ကလည်း အာသံရိုင်ဖယ်တပ်ဟာ ပလက်ဝဒေသအတွင်းကို လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်ခဲ့တာရှိကြောင်း ဖော်ပြထားပါတယ်။
ဒီနှစ် ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလေယာဉ်က အိန္ဒိယနယ်မြေကို ဖြတ်သန်းတာရှိကြောင်း ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အိန္ဒိယအစိုးရဘက်ကတော့ လေပိုင်နက် ချိုးဖောက်တာမရှိကြောင်းနဲ့ နယ်စပ်ဒေသအနီး ဗုံးကြဲတိုက်ခိုက်တာကို စိုးရိမ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
{Unicode}