သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခက်ကြုံစေမည့် ဗြိတိန်ရွေးကောက်ပွဲရလဒ်


မဲရလဒ်ကို စောင့်ဆိုင်းနေတဲ့ ဝန်ကြီးချုပ် Theresa May (ဇွန် ၉-၂၀၁၇)
မဲရလဒ်ကို စောင့်ဆိုင်းနေတဲ့ ဝန်ကြီးချုပ် Theresa May (ဇွန် ၉-၂၀၁၇)

ဗြိတိန်နိုင်ငံမှာ ဇွန်လ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေက အာဏာရပါတီ အတွက်မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ လွှတ်တော်မှာ Conservative အမတ်အများစု အနေအထား ဆုံးရှုံးခဲ့ပြီး ညွှန့်ပေါင်းအစိုးရဖွဲ့ရတော့မယ့် အခြေအနေ ကိုရောက်ခဲ့ပါတယ်။ EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နှုတ်ထွက်မယ့်ဆွေးနွေး မှုတွေ တရားဝင်စတင်ဖို့ ၁၀ ရက်တောင်မလိုတော့ချိန်မှာ ဝန်ကြီးချုပ် Theresa May အနေနဲ့ နိုင်ငံတွင်းမှာရော EU နဲ့ပါ ပိုပြီးခက်ခဲတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

ဗြိတိန်အထွေထွေရွေးကောက်ပွဲကို အချိန်စောကျင်းပဖို့ဆုံးဖြတ်ခဲ့တဲ့ ဝန်ကြီးချုပ် Theresa May အတွက် ရလဒ်က မျှော်လင့်ထားသလို ဖြစ်မလာခဲ့တဲ့အပြင် ရာထူးကနေ ဆင်းပေးဖို့တောင်းဆိုမှုတွေကို ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးမဲရလဒ်အရ အာဏာရ Conservative ပါတီက လွှတ်တော်မှာ အမတ်နေရာ ၃၁၈ နေရာ၊ အဓိကအတိုက်အခံ Labour ပါတီက ၂၆၂ နေရာစသဖြင့်ရခဲ့ပါတယ်။ တပါတီထဲ အစိုးရဖွဲ့ဖို့လိုအပ်တဲ့ အမတ်နေရာ ၃၂၆ နေရာပြည့်အောင် ဘယ်ပါတီကမှ ရခဲ့ပါဘူး။

သောကြာနေ့မနက်က ဘုရင်မကြီးကို အခြေအနေတင်ပြ ခွင့်တောင်းပြီးနောက် ဝန်ကြီးချုပ် May က မြောက်ပိုင်းအိုင်ယာလန်က Democratic Unionist Party၊ DUP နဲ့ညွှန့်ပေါင်းအစိုးရဖွဲ့မယ်လို့ ကြေညာခဲ့ပါတယ်။ DUP ပါတီက အမတ်နေရာ ၁၀ ခုအနိုင်ရထားတဲ့ပါတီဖြစ်ပါတယ်။

"ကျွန်မတို့ ပါတီ ၂ ခုကြားမှာ နှစ်ပေါင်းများစွာထဲက ခိုင်မာတဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ ယူကေနိုင်ငံတခုလုံးရဲ့ အကျိုးအတွက် ကျွန်မတို့အတူလက်တွဲလုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် အခိုင်အမာရှိပါတယ်။"

လွှတ်တော်မှာ အများစုအနိုင်ရထားတဲ့ အနေအထားကို ဆုံးရှုံးပြီး နိုင်ငံရေးအရ အထိနာခဲ့ပေမဲ့ ဝန်ကြီးချုပ် May ကတော့ သူ့အနေနဲ့နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား ပြသခဲ့ပါတယ်။ EU ကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရေးဆွေးနွေးမယ့် Brexit ဆွေးနွေးမှုတွေကို စီစဉ်ထားတဲ့အတိုင်း June လ ၁၉ ရက်နေ့မှာ စတင်မယ်လို့ ပြောကြားခဲ့ပါတယ်။

EU နဲ့ ညှိနှိုင်းမှုတွေကိုလုပ်တဲ့နေရာမှာ သူ့ရဲ့ဦးဆောင်မှုအပေါ် ပြည်သူတွေဆီက အပြည့်အဝထောက်ခံမှု ရနိုင်မယ်လို့ ဝန်ကြီးချုပ် May တွက်ပြီး ရွေးကောက်ပွဲကို ၃ နှစ်အချိန်စောပြီးခေါ်ယူကျင်းပခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အခြေအနေဟာ ပိုရှုပ်ထွေးပြီး မရေရာတဲ့ အခြေအနေရောက်သွားတယ်လို့ နိုင်ငံရေးအကဲခတ်အများစုက သုံးသပ်နေကြပါတယ်။

ပြည်တွင်းမှာရော ပြည်ပမှာပါ Theresa May အခက်အခဲတွေ ရင်ဆိုင်ရလိမ့်မယ်လို့ လန်ဒန်စီးပွားရေးတက္ကသိုလ် LSE ရဲ့ Institute of Public Affairs ဌာနညွန်ကြားရေးမှူး Tony Travers ကခုလို သုံးသပ်ပါတယ်။

"ရွေးကောက်ပွဲ ရလဒ်တွေအရ ပြည်တွင်းမှာရော EU ကနေ ယူကေနှုတ်ထွက်မယ့်ညှိုနှိုင်းမှုတွေမှာပါ ပိုပြီးတော့တောင်ခက်သွားပါလိမ့်မယ်။ Theresa May ရွေးကောက်ပွဲလုပ်ခဲ့တဲ့ရည်ရွယ်ချက်က လွှတ်တော်မှာ အများစုအနိုင်ရပြီး EU နဲ့ညှိနှိုင်းမှုတွေကို ပြတ်ပြတ်သားသားလုပ်နိုင်ဖို့ဖြစ်ပါတယ်။ အခုတော့ အားလျော့တဲ့အခြေအနေရောက်ပြီး သူ့အတွက် အခက်အခဲကြီးကိုရင်ဆိုင်နေရပါပြီ။ ဒါကို ဗြိတိန်လွှတ်တော်အမတ်တွေသိကြသလို EU ကလည်းသိထားတော့ ဒီအချက်ကိုကိုင်ပြီး သူ့ကိုအကြပ်ကိုင်နိုင်ပါတယ်။ သူ့အတွက် အခြေအနေသိပ်မကောင်းပါဘူး။"

EU ကနေထွက်ဖို့လိုလားတဲ့ DUP ပါတီနဲ့ Conservative ပါတီကညွှန့်ပေါင်း အစိုးရဖွဲ့တဲ့နေရာမှာ ဘယ်လိုညှိနှိုင်းမှုတွေလုပ်သလဲဆိုတာကို ခုချိန်မှာ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ Brexit ကိစ္စညှိနှိုင်းမှုတွေအပါအဝင် အခြေအနေတွေ ပိုရှူပ်ထွေးလိမ့်မယ်လို့ လန်ဒန် King's College က နိုင်ငံရေးနဲ့ မျက်မှောက်ခေတ်သမိုင်း ကထိက Andrew Blick ကလည်းသုံးသပ်ပါတယ်။

"ဘယ်ပါတီမှ အရာရာမှာညွန့်ပေါင်းမလုပ်ပါဘူး။ ကိစ္စတခုချင်းပေါ်မူတည်ပြီး ညှိနှိုင်းသဘောတူသွားနိုင်ပါတယ်။ Brexit ကိစ္စဘာဖြစ်မှာလဲဆိုတာ အတိအကျဖြေဖို့ ခက်ပါတယ်။ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီချက်ထဲမှာ Brexit နဲ့ပါတ်သက်လို့ DUP ပါတီက ဘယ်လိုသတ်မှတ်ချက်တွေ ထားသလဲဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုအပေးအယူလုပ်နေလဲဆိုတာ အတိအကျမသိရသေးပါဘူး။ သေချာတာကတော့ ကဏ္ဍစုံမှာအခြေအနေ ပိုပြီးရှုပ်ထွေးမယ် အဲဒီထဲမှာ Brexit ကလည်းတခု ပါဝင်ပါလိမ့်မယ်။"

ကြာသပတေးနေ့ကအထွေထွေရွေးကောက်ပွဲမှာ Conservative ပါတီက အရင်နိုင်ထားတဲ့ အမတ်နေရာ ၁၃ နေရာဆုံးရှုံးခဲ့ပေမဲ့ Labour ပါတီကတော့ အမတ်နေရာ ၃၀ နေရာထပ်ပြီးအနိုင်ရခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းလခတွေလျှော့ချမယ်။ NHS အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပေးမယ်ဆိုတဲ့ကတိတွေကြောင့် လူငယ်တွေရဲ့မဲတွေ Labour ပါတီပိုရခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဗြိတိန်နိုင်ငံထဲမှာ နိုင်ငံရေးအမြင် သဘောထား ကြီးကြီးမားမားကွဲနေတယ်ဆိုတာကို အခုရွေးကောက်ပွဲက ပြသခဲ့တာပါ။

တည်ငြိမ် ခိုင်မာတဲ့အစိုးရဦးဆောင်မှုရဖို့ ဝန်ကြီးချုပ် May က ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ ဗြိတိန်မှာ နိုင်ငံရေးမရေရာမှုတွေ လနဲ့ချီရှိလာနိုင်တယ်လို့ လန်ဒန်က VOA သတင်းထောက် Henry Ridgwell ကပြောပါတယ်။ နိုင်ငံရေးမရေရာတဲ့ ဂယက်က စီးပွားရေးကိုရိုက်ခတ်လာနိုင်တယ်လို့လည်း စီးပွားရေးပညာရှင်တွေက တွက်နေကြပါတယ်။ ရွေးကောက်ပွဲ ရလာဒ်တွေ ထွက်ပေါ်ခဲ့ပြီးနောက် သောကြာနေ့က ဒေါ်လာနဲ့ ယူရိုငွေကြေးလဲလှယ်တဲ့ စတာလင်ပေါင်တန်ဖိုး ကျဆင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG