သုံးရလွယ်ကူစေသည့် Link များ

ယူနန်-မြန်မာနယ်စပ် ရှည်လျားသလို ဆက်ဆံရေးသမိုင်းဟာလည်း ရှည်လျားလှပါတယ်။ အတက်အကျများတဲ့ အိမ်နီးချင်း ဆက်ဆံရေး ဖြစ်ပါတယ်။ ကချင်နဲ့ ကိုးကန့်စစ်ပွဲကြောင့် ယူနန်-မြန်မာ ဆက်ဆံရေးဟာ အထူးအာရုံစိုက်စရာ ဖြစ်လာပြန်ပါတယ်။ မြန်မာ့မီဒီယာမှာ ကိုးကန့်တိုက်ပွဲကို ဦးစားပေးဖော်ပြကြပြီး ကချင်စစ်ပွဲမှာ ဝေဖန်ခံရတဲ့အစိုးရတပ်ဟာ ကိုးကန့်စစ်ပွဲမှာ ချီးကျူးခံနေရပါတယ်။ ကိုးကန့်စစ်ပွဲကို အမေရိကန်ရဲ့  တရုတ်ဆန့်ကျင်ရေး အကြံအစည်းအဖြစ် ဖော်ပြတုန်းက တရုတ်အင်တာနက်မှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်ပါတယ်။ ဝါဒဖြန့်ဖို့နဲ့ ပုံကြီးချဲ့ ဖို့အတွက် မီဒီယာကို အသုံးပြုနေကြပါတယ်။

နယ်စပ်တည်ငြိမ်ရေးဟာ နှစ်နိုင်ငံအကျိုးစီးပွားအတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ စီးပွားရေးကိုချည်း ဦးစားပေးလို့ မရပါဘူး။ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တိုင်းရင်းသားအရေးကိုလည်း သတိထားဖို့ လိုပါတယ်။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်လို့ နယ်စပ်စစ်ပွဲဖြစ်ရတာ မြန်မာဘုရင်တွေ လက်ထက်ကတည်းကပါ။ တိုင်းရင်းသားဒေသကို အစိုးရက ချုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အခါ လက်နက်ကိုင်ပဋိပက္ခ ဖြစ်တာကို မြန်မာ့သမိုင်းမှာ တွေ့နိုင်ပါတယ်။ ပင်လုံကလွဲရင် တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ ဖြေရှင်းတဲ့အစဉ်အလာ မရှိပါဘူး။ စစ်အစိုးရဟာ စစ်ရေးအရ ဖြေရှင်းတဲ့နည်းနဲ့သာ ယဉ်ပါးပါတယ်။

ယူနန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ “ဝ” (၅) သိန်းကျော် ရှိပါတယ်။ ရှမ်းအနွယ်ဝင် ဒိုင်းလူမျိုးဟာ “ရှိရှောင်ပနား” ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ နေထိုင်ပါတယ်။ နုကျန်လီစူး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသမှာ ကချင်မျိုးနွယ်ဝင် လီစူးလူမျိုး (၆) သိန်းကျော် နေထိုင်ပါတယ်။ ယူနန်မှာ ဂျင်းဖောလို့ခေါ်တဲ့ ကချင်လူမျိုး (၂) သိန်းကျော် ရှိပါတယ်။ ယူနန်မှာ လူမျိုးစု (၂၅) စု ရှိတာမို့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ (၈) ခုနဲ့ ခရိုင် (၂၅) ခု ရှိပါတယ်။ အေးချမ်းစွာ နေထိုင်ကြပေမယ့် မြန်မာဘက်မှာ နေထိုင်တဲ့ သူတို့နဲ့ မျိုးနွယ်တူလူမျိုးစုတွေကတော့ မိမိကိုယ်မိမိ ကာကွယ်ဖို့ လက်နက်ကိုင်ထားရတာဟာ စဉ်းစားစရာ ဖြစ်နေပါတယ်။ ယူနန်ပြည်နယ်မှာ အဆင်ပြေတဲ့ လူမျိုးစုတွေဟာ မြန်မာဘက်မှာ ပြဿနာ ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ယူနန်ပြည်နယ်မှာလို လူမျိုးစုပြဿနာကို နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ လိုအပ်မယ် ထင်ပါတယ်။

ယူနန်-မြန်မာ နယ်စပ်ဒေသကို မြန်မာက ထိန်းချုပ်ခဲ့တဲ့ အစဉ်အလာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာမင်းဟာ ရှမ်းပြည်ကို လက်အောက်ခံအဖြစ် သဘောထားလေ့ ရှိပါတယ်။ အလောင်းဘုရားနဲ့ ဆင်ဖြူရှင်ရဲ့  အာဏာစက်ဟာ သံလွင်မြစ် အနောက်ဘက်အထိသာ ရောက်ခဲ့ပါတယ်။ သံလွင်မြစ်အရှေ့ ဘက် မြန်မာ-ယူနန် နယ်စပ်က ရှမ်းစော်ဘွားတွေဟာ မြန်မာနဲ့ တရုတ်ကို လက်ဆောင်ပဏ္ဏာဆက်ပြီး အလျဉ်းသင့်သလို ဆက်ဆံပါတယ်။ မြန်မာနဲ့ တရုတ်ရဲ့  သဘောတူချက်နဲ့ စော်ဘွားတင်မြှောက်တဲ့ဒေသကိုတော့ မြန်မာကရော တရုတ်ကရော လက်အောက်ခံလို မြင်ကြပါတယ်။ မိမိမချုပ်ကိုင်နိုင်တဲ့နယ်ကို မြန်မာမင်းက သပ်လျှိုပြီး ချယ်လှယ်ဖို့ ကြိုးပမ်းလေ့ ရှိပါတယ်။ ၁၉ ရာစုမှာ စော်ဘွားတွေ ကြီးစိုးတဲ့နယ်မှာ ပုန်ကန်ခြားနားအောင် မြန်မာမင်းက သွေးထိုးပေးတဲ့အတွက် အစိတ်စိတ်အမြွာမြွာ ကွဲသွားခဲ့တဲ့သမိုင်း ရှိပါတယ်။

၁၈ ရာစု ဆင်ဖြူရှင်မင်းလက်ထက်မှာ အဖြုတ်ချခံရတဲ့ ရှမ်းစော်ဘွား (၃) ဦး ယူနန်မှာ ခိုလှုံပြီး ယူနန်ဘုရင်ခံကို တန်ဆိုးလက်ဆောင်တွေ ပေးတဲ့အခါမှာ ယူနန်က ကူညီတဲ့အတွက် တရုတ်-မြန်မာ စစ်ပွဲ (၄) နှစ်အတွင်း (၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီသမိုင်း အစဉ်အလာအတိုင်း (၂၀၀၉) မှာ အစိုးရတပ်က တိုက်ထုတ်လိုက်တဲ့ ဖုန်ကြားရှင်ဟာ ယူနန်မှာ ခိုလှုံပြီး အင်အားစုဆောင်းတာ ဖြစ်နိုင်ပါတယ်။ ဒီနည်းဟာ ခေတ်နဲ့မဆီလျော်တော့ပေမယ့် နစ်နာသူတွေအတွက် အသုံးတည့်နေပုံ ရပါတယ်။ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးလမ်းစဉ်နဲ့လည်း ဆန့်ကျင်နေပါတယ်။ ယူနန်နယ်သားတွေထဲမှာ ဖုန်ကြားရှင်အုပ်စုကို ကူညီသူရှိနိုင်ပေမယ့် တရုတ်အစိုးရဟာ လုံးဝမပတ်သတ်ကြောင်း ကြေညာပြီး စိတ်ရှည်ရှည်နဲ့ ဆက်ဆံရေး မပျက်အောင် ကြိုးစားနေပါတယ်။ မြန်မာဘက်ကလဲ လက်လွန်တာကို တောင်းပန်ပြီး လျှော်ကြေးပေးပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေး ဆိုးဝါးချိန် မော်စီတုန်းခေတ်မှာ မြန်မာ-ယူနန် နယ်စပ်က လက်နက်ကိုင်တွေကို တရုတ်ကွန်မြူနစ်အစိုးရက လက်နက်ပစ္စည်း၊ ငွေကြေးနဲ့ လူအင်အားပါ ထောက်ပံ့ခဲ့ဖူးပါတယ်။ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်အရှေ့ မြောက်ပိုင်းမှာ ဗကပနဲ့ တရုတ်က စစ်ဆင်ရေးနယ်မြေ (၄) ခုဖွင့်ပြီး တိုက်ခိုက်တာဟာ အကြီးကျယ်ဆုံးပါ။ ဗကပတပ်မှာ မော်စီတုန်းရဲ့  တပ်နီလူငယ်တွေ အများအပြား ပါဝင်ပါတယ်။ တရုတ်အစိုးရက ဈေးကွက်စနစ် ကျင့်သုံးပြီး ဗမာအစိုးရနဲ့ ရွှေလမ်းငွေလမ်း ဖောက်တဲ့အခါမှာ ဗကပ နိဂုံးချုပ်သွားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဆက်လက်ရှင်သန်နေပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ တဝက်လောက်ဟာ ယူနန်-မြန်မာ ကုန်သွယ်ရေး ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ နယ်စပ်တိုင်းရင်းသားတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနဲ့ ဆက်စပ်နေပါတယ်။ တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ အဖြေမရှာဘဲ လက်နက်နဲ့ ဖြေရှင်းဖို့ ကြိုးစားတာ မအောင်မြင်ကြောင်း နယ်စပ်စစ်ပွဲတွေက သက်သေပြနေပါတယ်။ တရုတ်-မြန်မာ နယ်စပ်နေ တိုင်းရင်းသားတွေဟာ ယူနန်ပြည်နယ်မှာလည်း နေထိုင်ကြတာမို့ နယ်စပ်တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရာမှာ ယူနန်ပြည်နယ်ကို လေ့လာပြီး သင်ခန်းစာယူတာဟာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

XS
SM
MD
LG