သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပြဿနာ


အခုတလော အရေးတကြီး ဆွေးနွေးနေတဲကိစ္စတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ ရှေ့တန်းက ပါဝင်နေပါတယ်။ စစ်အုပ်စုရဲ့ အကျိုးစီးပွားကာကွယ်ဖို့အတွက် (၁၅) နှစ် အချိန်ယူပြီး ရေးဆွဲခဲ့တဲ့ ဥပဒေကို ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေကို လက်မခံရင် ရွေးကောက်ပွဲနိုင်ငံရေးမှာ ပါဝင်ဖို့ ခက်ခဲလာတာကြောင့် အခြေအနေအရ မျက်စိမှိတ်ပြီး လက်ခံခဲ့ကြပါတယ်။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ ၂၀၁၂ ဧပြီလမှာ လွှတ်တော်အမတ်ဖြစ်ချိန်ကစပြီး ဒေါ်စုနဲ့ NLD ပါတီဟာ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်တွင်းပြည်ပမှာ ဟောပြောပါတယ်။

နိုင်ငံခြားအစိုးရနဲ့ အဖွဲ့အစည်းတွေထဲမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံအားပေးသူတွေ ရှိလာပါတယ်။ အစိုးရရဲ့ ပြုပြင်ရေးကို အယုံအကြည်ရှိစေချင်ရင် တဖက်သတ်ဖြစ်နေတဲ့ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတာ သဘောပေါက်တဲ့အတွက် ၁၀၉ ဦး ပါဝင်တဲ့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းရေးကော်မတီကို ၂၀၁၃ ဇူလိုင်က ဖွဲ့စည်းပေးပါတယ်။ (၁၀၉) ဦး ကော်မတီ အစီရင်ခံစာ တင်ပြီးတဲ့နောက် အဖွဲ့ဝင် (၃၁) ဦးပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ ကို ဖေဖေါ်ဝါရီ ၃ ရက်နေ့မှာ ဥပဒေပြုလွှတ်တော်က ဖွဲ့စည်းပြန်ပါတယ်။

၁၀၉ ဦး ကော်မတီကို ပေးပို့တဲ့ အကြံပေးစာ သုံးသိန်းကျော်မှာ သမ္မတအရည်အချင်းကို မပြင်လိုသူက တသိန်းကျော်ရှိနေပြီး အခြေခံဥပဒေ ပြင်ဆင်နည်းဖြစ်တဲ့ အခန်း (၁၂) ကို အပြောင်းအလဲ မလုပ်လိုသူကလည်း သိန်းချီရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သိန်းချီနေတဲ့ အကြံပေးစာတွေဟာ ကြံ့ခိုင်ရေးပါတီရဲ့ လုပ်ကြံစာတွေ ဖြစ်တယ်လို့ အမတ်အချို့က ဆိုပါတယ်။ လွှတ်တော်တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကလည်း ပေးစာအရေအတွက်ဟာ ယုံကြည်နိုင်စရာမရှိဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေခံဥပဒေအခန်း (၁၂) ပါ ပြင်ဆင်နည်းနဲ့ ပတ်သက်ပြီး ရှေ့နှစ် ရွေးကောက်ပွဲမစမီ (၆) လ အလိုကို နောက်ဆုံးထားပြီး အစီရင်ခံဖို့ (၃၁) ဦး ကော်မတီကို ဦးရွှေမန်း ညွှန်ကြားထားပါတယ်။ လွန်ခဲ့တဲ့လကတော့ အခန်း (၁၂) ပါ စည်းမျဉ်းအတိုင်း ပြင်ဆင်ဖို့ ဦးရွှေမန်း ပြောခဲ့ပါတယ်။

ဒီအတောအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲတွေကျင်းပပြီး လွှတ်တော်ဥက္ကဋ္ဌ (၂) ဦး၊ သမ္မတ၊ စစ်ဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ (၄) ဦး တွေ့ဆုံဆွေးနွေးဖို့ NLD ပါတီက တင်ပြတာကို အာဏာပိုင်တွေဖက်က လက်မခံပါဘူး။ အမိန့်နာခံဖို့ ကျင့်သားရနေတဲ့ စစ်ဗိုလ်လူထွက် လွှတ်တော်အမတ်တွေဟာ အခန်း (၁၂) စည်းမျဉ်းအတိုင်းသာ ပြင်ဆင်ဖို့ ကြိုးပမ်းမယ့်ပုံ ပေါ်နေပါတယ်။ အင်္ဂလိပ်၊ အမေရိကန်နဲ့ သြစတေးလျ ဥပဒေပညာရှင်တွေကလည်း အခြေခံဥပဒေ ပုံပျက်ပန်းပျက် ဖြစ်နေတာကို ထောက်ပြပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ ပြဌာန်းတဲ့ အခြေခံဥပဒေဟာ အခြေခံသဘောတရားကိုသာ အဓိကထားသင့်တယ်လို့ သုံးသပ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ ပြင်ဆင်ရ အလွန်ခက်ခဲ့တဲ့ အခြေခံဥပဒေကို ပြဌာန်းတာဟာ တိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အသစ်ရေးမယ်အစား လက်ရှိ အခြေခံဥပဒေအခန်း (၁၂) ကို ပြင်ဆင်တာက လက်တွေ့ကျပါတယ်။ ပြင်ဆင်တဲ့နည်းလမ်းကို ပြောင်းလိုက်ရင် အသွင်ကူးပြောင်းနိုင်မယ်လို့ ဥပဒေပညာရှင်တွေက သာဓကယုတ္တိနဲ့ တင်ပြပါတယ်။ ပြင်စရာတွေကို အကြံပေးကြပါတယ်။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နဲ့ တရားစီရင်ရေးအာဏာကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲနိုင်လျှင် ဒီ အာဏာသုံးခုဟာ အပြန်အလှန်ထိန်းကျောင်းသွားမယ်လို့ အခြေခံဥပဒေပုဒ်မ (၁၁) က ဆိုပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်သာ ဝန်ကြီးလုပ်ခွင့်ရှိတဲ့ ပြည်ထဲရေးဌာနလက်အောက်မှာ တရားစီရင်ရေးဌာနရှိနေတာဟာ ဒီပုဒ်မ (၁၁) ကို ပျက်ရည်ပြုသလို ဖြစ်နေပါတယ်။ တရားစီရင်ရေးဌာန သိက္ခာတက်လာဖို့အတွက် သီးခြားလွတ်လပ်စွာ ရပ်တည်တဲ့ တရားသူကြီး ခန့်အပ်ရေးဘုတ်အဖွဲ့မျိုး တည်ထောင်သင့်တယ်လို့ အကြံပေးကြပါတယ်။

စစ်အစိုးရ ချပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ချုပ်နှောင်ထားတဲ့ သံလှောင်အိမလို ဖြစ်နေတာကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဟန့်အတား ဖြစ်စေတယ်လို့ နိုင်ငံခြားဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။ သမ္မတမှာ လုပ်ပိုင်ခွင့် များလွန်းတာကို ထောက်ပြပါတယ်။ တရားလွှတ်တော်ချုပ် တရားသူကြီးနဲ့ ရှေ့နေချုပ်အပါအဝင် ထိပ်ပိုင်းအရာထမ်းတွေကို သမ္မတက ရွေးချယ်ပါတယ်။ သမ္မတကို စွပ်စွဲပြစ်တင်ခွင့် ပေးထားပေမယ့် တာဝန်ထမ်းဆောင်တုန်း ဘယ်သူ့ကိုမှ ဖြေရှင်းစရာ မလိုဘူးလို့ ပုဒ်မ (၂၁၅) က ဆိုပါတယ်။ ပြင်ဆင်တဲ့နည်းလမ်းကို ပြောင်းလဲလိုက်ရင် အသွင်ကူးပြောင်းဖို့ အဆင်ပြေသွားလိမ့်လို့ မနှစ်ကကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဥပဒေပညာရှင်တွေက တင်ပြပါတယ်။

ဒါပေမဲ့ ပြဿနာက ဒီမိုကရေစီ အသွင်ကူးပြောင်းလို့မရအောင် တမင်ပြဌာန်းထားတဲ့ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲပြီး အသွင်ကူးပြောင်းဖို့ ကြိုးပမ်းတာကို စစ်အုပ်စုက လက်ခံနိုင်ပါ့မလားဆိုတဲ့ ပုစ္ဆာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကရည်ရွယ်ချက်ဟာ စစ်အုပ်စုအကျိုးစီးပွားကို ကာကွယ်ဖို့သာ ဖြစ်တဲ့အတွက် ပြည်သူ့သဘောထားထက် စစ်အုပ်စုသဘောထားက ပိုပြီးအရေးကြီးသလို ဖြစ်နေပါတယ်။ စစ်အုပ်စု သဘောထားပြောင်းမှသာ ပြင်ဆင်ဖို့ အလာအလာ ရှိနိုင်ပါလိမ့်မယ်။
XS
SM
MD
LG