သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ပိုင် နဲ့ နိုင်ငံပိုင်


စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကို ၁၉၁၄ ကုမ္ပဏီ ဥပဒေအရ အများပိုင် သာမန်ကုမ္ပဏီအဖြစ် အသွင်ပြောင်းတာကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနက မတ်လ (၃၀) ရက်နေ့က ခွင့်ပြုကြောင်း ဒါရိုက်တာအဖွဲ့က ကြေညာပါတယ်။ NLD အစိုးရသစ် စတင်ဖွဲ့စည်းတဲ့နေ့မှာ စစ်တပ်ပိုင်ကုမ္ပဏီကို အများနဲ့ သက်ဆိုင်တဲ့ အရပ်သားကုမ္ပဏီအဖြစ် အသွင်ပြောင်းတာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ကို ၁၉၉၀ ပြည့်နှစ်မှာ တည်ထောင်တာဖြစ်ပြီး အစုရှယ်ယာပိုင်ရှင်ဟာ စစ်ဘက်အဖွဲ့အစည်း၊ စစ်ဗိုလ် နဲ့ အငြိမ်းစားစစ်ဗိုလ်တွေ ဖြစ်ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ဟာ အမေရိကန်က ဒဏ်ခတ်အရေးယူတဲ့ ကုမ္ပဏီစာရင်းမှာ အခုထက်ထိ ပါဝင်နေဆဲ ဖြစ်ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို တရုတ်နဲ့ လက်တွဲလုပ်နေတာ ဦးပိုင်လိမိတက် ဖြစ်ပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုရဲ့ အခန်းကဏ္ဍနဲ့တာဝန်ကို ပြန်လည်ဆန်းစစ်ပြီး နိုင်ငံပိုင် လုပ်သင့်တယ်လို့ ဇန်နဝါရီလထုတ် Natural Resource Governance Institute ရဲ့ Gilded Gate-keepers ဆိုတဲ့ သုတေသနစာတမ်းမှာ အကြံပေးထားပါတယ်။ အခုတော့ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းတွေရဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီ ဖြစ်သွားပါပြီ။

ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးပိုင်တဲ့ အစုရှယ်ယာကို လက်ရှိ စစ်မှုထမ်းနဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ လက်ထဲ လွှဲပြောင်းပေးလိုက်ပြီလို့လဲ ဒါရိုက်တာအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဖွဲ့အစည်းပိုင်၊ ဌာနပိုင်၊ ရုံးပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်အဖြစ် အသွင်ပြောင်းလိုက်တဲ့သဘော ဖြစ်ပါတယ်။ စစ်ဗိုလ်နဲ့ စစ်ဗိုလ်ဟောင်းမှာ အကျိုးခံစားခွင့် တိုးပွားလာပေမယ့် ၁၉၁၄ ကုမ္ပဏီအက်ဥပဒေ ပုဒ်မ (၁၃၆) အရ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ကြေညာရပါလိမ့်မယ်။ ပြဿနာဖြစ်ရင် နိုင်ငံတော်သမ္မတက စစ်ဆေးသူ (သို့မဟုတ်) စာရင်းစစ် ခန့်အပ်ပြီး စစ်ဆေးနိုင်ပါတယ်။ သမ္မတထံ အစီရင်ခံစာ တင်ရမယ်လို့ ပုဒ်မ (၁၃၈) က ဆိုပါတယ်။ မြန်မာ့စီးပွားရေးကို ကြီးစိုးထားတဲ့ စစ်တပ်ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုကို ပြည်သူအများသိနိုင်မယ့်သဘော ရှိပါတယ်။

နိုင်ငံ့ဝင်ငွေ (၂၀) ရာခိုင်နှုန်းကို ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းက ရပေမယ့် ၂၀၁၄ မှာ ရေနံဓါတ်ငွေ့ကရတဲ့ ဒေါ်လာသန်း (၁၄၀၀) ကို အစိုးရဘတ်ဂျက်မှာ မထည့်ဘဲ သီးသန့်ငွေစာရင်း လုပ်ထားတယ်လို့ Gilded Gate-keepers စာတမ်းမှာ ဖော်ပြပါတယ်။ ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းကဏ္ဍဟာ ဝင်ငွေအလွန်ကောင်းပြီး ခရိုနီကုမ္ပဏီနဲ့ အာဏာပိုင်တွေ ရောထွေးယှက်တင် ဖြစ်နေတာမို့ ပြုပြင်ဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ NLD အစိုးရခေတ်မှာ ဒီကဏ္ဍကို ပြုပြင်နိုင်အောင် ရည်ရွယ်ပြီး စာတမ်းထုတ်ရတာလို့ ဆိုပါတယ်။ ရေနံဓါတ်ငွေ့ကို နိုင်ငံပိုင်လုပ်ငန်းရဲ့ ဝင်ငွေ (၆၀) ရာခိုင်နှုန်းနီးပါး အစိုးရဘတ်ဂျက်မှာ မပါတာဟာ အနုတ်လက္ခဏာ ဖြစ်ပါတယ်တဲ့။ ရေနံဓါတ်ငွေ့ဌာနရဲ့ သီးသန့်ရန်ပုံငွေ ဒေါ်လာသန်း (၁၄၀၀) ဟာ အစိုးရ ကျန်းမာရေးအသုံးစရိတ်ထက် နှစ်ဆနီးပါး ပိုများနေပါတယ်။

မြန်မာ့ရေနံဓါတ်ငွေ့မှာ အခြားစီးပွားရေးလုပ်ငန်း အများအပြားမရှိဘဲ ငွေကြေးအမြောက်အမြား ကိုင်ဆောင်တာမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ ရေနံဓါတ်ငွေ့နဲ့ သတ္တုတွင်းဆိုင်ရာ ဥပဒေနဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်ဝတ္တရားကို ရှင်းလင်းပြတ်သားစွာ သိဖို့လိုပါတယ်။ သီးခြားစာရင်းစစ်ဌာနကိုသုံးပြီး နိုင်ငံပိုင်လုပ်ငန်းတွေကို စစ်ဆေးခိုင်းဖို့ Gilded Gate-keepers စာတမ်းမှာ အကြံပေးထားပါတယ်။ စစ်တပ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေဟာ သတ္တုတွင်းလုပ်ငန်းမှာ အများဆုံး ပါဝင်နေတယ်လို့ ဆိုပါတယ်။ သယံဇာတ တူးဖော်ရေးမှာ ဘယ်သူက ဘာရသင့်တယ်ဆိုတာကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က အဆုံးအဖြတ် ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလို အခွင့်ထူးခံ ဘဝနိဂုံးချုပ်လာရင် အာဏာသိမ်းဖို့ အကြောင်းရှာတဲ့အထိ စစ်ဗိုလ်တွေက ကြိုးပမ်းနိုင်ဖွယ် ရှိပါတယ်။

စစ်တပ်ပိုင်ကုမ္ပဏီက နိုင်ငံပိုင်လုပ်ငန်းအပေါ် သြဇာညောင်းတာဟာ အစိုးရကို အယုံအကြည် ကင်းမဲ့စေပါတယ်။ စစ်တပ်ပိုင်ကုမ္ပဏီနှစ်ခုဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အစိုးရလို ပြုမှုနေပြီး အစိုးရရဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုမှာ မပါဝင်ဘဲ အခွင့်ထူးခံယူတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမဲ့ နိုင်ငံပိုင်လုပ်ငန်းရဲ့ အခန်းကဏ္ဍကို အကျယ်တဝင့် ရှင်းလင်းထားတဲ့ ဥပဒေမရှိတဲ့အတွက် နိုင်ငံပိုင်လုပ်ငန်းကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ လိုနေပါတယ်။ အစိုးရကို ထောက်ခံအားပေးတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် ခရိုနီတွေ အကျိုးခံစားရအောင် နိုင်ငံပိုင်လုပ်ငန်းတွေက အကွက်ထွင်ပေးနေပုံကို စစ်ဆေးခိုင်းဖို့ Gilded Gate-keepers စာတမ်းမှာ ဖော်ပြထားပါတယ်။

သယံဇာတလုပ်ငန်းကို ယုံကြည်စေချင်ရင် ဒီပြဿနာကို ပြည်သူ့ရှေ့မှောက်ချပြပြီး အတိအလင်း ဆွေးနွေးရမယ်လို့ ဆိုပါတယ်။ သိသာမြင်သာမှု ကင်းမဲ့တဲ့အတွက် နိုင်ငံပိုင်လုပ်ငန်းဟာ ထိပ်ပိုင်းက စစ်ဗိုလ်၊ အရာထမ်း နဲ့ ခရိုနီကုမ္ပဏီတွေ ကိုယ်ကျိုးရှာတဲ့ နေရာဌာနလို ဖြစ်နေပါတယ်။ နိုင်ငံပိုင်လုပ်ငန်းက ထိပ်တန်းအရာရှိတွေကို ခြောက်လတကြိမ်၊ လွှတ်တော်မှာ အစီရင်ခံခိုင်းပြီး မေးမြန်းစုံစမ်းတာဟာ NLD အစိုးရ လုပ်ရမယ့် တာဝန်တခုဖြစ်တယ်လို့ Natural Resource Governance Institute ရဲ့ Gilded Gate-keepers စာတမ်းမှာ အကြံပေး တင်ပြထားပါတယ်။

XS
SM
MD
LG