သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်ရေး ဗိုလ်ရှုသဘင်အပေါ် အမြင်အဖုံဖုံ


၂၀၁၅ မြန်မာ့လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနား (ဓာတ်ပုံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖဘ)
၂၀၁၅ မြန်မာ့လွတ်လပ်ရေးနေ့ ဗိုလ်ရှုသဘင်အခမ်းအနား (ဓာတ်ပုံ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖဘ)

မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ အရေးကြီးတဲ့နှစ်တစ်နှစ်လို့ သုံးသပ်နေကြတဲ့ ၂၀၁၅ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ (၆၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ထူးထူးခြားခြား ဗိုလ်ရှုခံ အခမ်းအနားအဖြစ် ကျင်းပမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ မကျင်းပဖြစ်တာ နှစ်ရှည်ကြာနေပြီဖြစ်တဲ့ ဗိုလ်ရှုသဘင် အခမ်းအနား ပြန်လည်ကျင်းပဖို့ စီစဉ်နေတဲ့အပေါ် အမျိုးမျိုး ရှုမြင်သုံးသပ်ချက်ကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြား ဗိုလ်ရှုသဘင် အခမ်းအနားနဲ့ နေပြည်တော်မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပဖို့ပြင်ဆင်နေပါတယ်။ နှစ်ပေါင်း (၅၀) ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတဲ့ ဗိုလ်ရှုသဘင်အခမ်းအနားမှာ နိုင်ငံတော်သမ္မတကို တပ်မတော်ကြည်း၊ ရေ၊လေ စစ်ကြောင်းတွေက ချီတက် အလေးပြုကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကိုအလေးပြုတဲ့ ဗိုလ်ရှုသဘင်အခမ်းအနားကို ပါလီမန်ခေတ်ကစလို့ မကျင်းပဖြစ်တော့ဘဲ နေလာခဲ့ရာက နဝမအကြိမ်မြောက် လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အရပ်သားအစိုးရလက်ထက်မှာ ကျင်းပဖြစ်ဖို့ အဆိုတင်သွင်း မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ကတော့ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဗိုလ်ရှုခံပွဲကို ပူးပေါင်း ဆောင်ရွက်တဲ့ အတွက် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားတဲ့နှစ်အဖြစ် သုံးသပ်တယ်လို့ သူက အခုလိုပြောပါတယ်။

“လွတ်လပ်ရေးနေ့မှာ ဗိုလ်ရှုခံမှာ သမ္မတတွေကို အလေးပြုသင့်တယ်။ ဘာလို့လဲဆိုတော့ ပါလီမန်ခေတ်က အလေးပြုတာကို ကျနော်က မှတ်မိတယ်လေ။ သမ္မတနဲ့ကာချုပ်နဲ့က အခုက သီးခြားစီဖြစ်နေတဲ့ကာလရောက်လာပြီဆိုတော့ တပ်မတော်ကြီးကလည်း သမ္မတကို အလေးပြုသင့်တယ်လို့… အရင်တုန်းကတော့ ကာချုပ်နဲ့သမ္မတနဲ့ နိုင်ငံ့အကြီးအကဲနဲ့က တယောက်တည်းဆိုတော့ တပ်မတော်နေ့မှာ အလေးပြုလိုက်ရင်ပြီးရောပေါ့ဗျာ။ ဒါပေမယ့် အခုဟာက အခြေအနေက မတူဘူးလေ။ ဒါကြောင့်မို့လို့ ကျနော် လွှတ်တော်မှာမေးခွန်းမေးခဲ့ပါတယ်။ မေးခွန်းမေးတော့ ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က သမ္မတကြီးအဆင်သင့်ဖြစ်တဲ့အချိန်ကျရင် အလေးပြုပါ့မယ်လို့ ကျနော့်ကို ဖြေသွားတယ်ဗျ။ ဖြေတာက - ပါလီမန်ခေတ်က အဲလို အလေးပြုခဲ့တယ်ပေါ့လေ။ အခုအချိန်မှာဆိုရင်လည်း သမ္မတကြီးအဆင်သင့်ဖြစ်တဲ့အချိန်ကျရင် အလေးပြုပါ့မယ်လို့ - ကျနော့်ကို အဲလို ဖြေသွားတယ်။ ဒီဟာက ဘာလဲဆိုတော့ ‘နိုင်ငံ့ဥသျှောင်’ ပေါ့နော်၊ နိုင်ငံ့ဥသျှောင်ကို ကြည်း၊ ရေ၊ လေ တပ်မတော်က အလေးပြုတာပဲ။”

အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ညှိနှိုင်းဖို့ဆောင်ရွက်နေတဲ့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဘက်က ဒီဗိုလ်ရှုသဘင်အခမ်းအနား တက်ရောက်မှာဖြစ်ပြီး အခုလို လွတ်လပ်ရေးနေ့မှာ ထူးခြားတဲ့ အခမ်းအနားကျင်းပတာဟာ နိုင်ငံ့ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်ဖို့ မျှော်လင့်တယ်လို့ KNU ခေါင်းဆောင် ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုစောသမိန်ထွန်းက ပြောပါတယ်။

“ဒီကနေ့ကတော့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးမှ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်မယ့်ကာလဖြစ်တော့ ဗမာပြည်ရဲ့သမိုင်း အစဉ်အလာ အတိုင်းအတာအရဆိုရင်တော့ လုပ်သင့်တယ်လို့တော့ ကျနော်တို့မြင်တာပေါ့နော်။ ဒီမှာလည်း သူတို့ ဖိတ်ကြားတော့ ဖိတ်ကြားတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေလည်း သွားကြပြီလေ။ ဒီဟာကတော့ ပြောရမယ်ဆိုရင်တော့ နှစ်ဘက်ကြည့်လို့ရတာပေါ့။ အဆိုးဘက်ကလည်း ကြည့်လို့ရသလို အကောင်းဘက်ကလည်း ကြည့်လို့ရတာပေါ့။ ကျနော်တို့ KNU အနေအထားအရ ဒီကနေ့ကတော့ အပစ်အခတ်ရပ်စဲရေးလုပ်တာတော့ မပြီးသေးဘူးပေါ့နော်၊ အပြီးအပိုင် မရှိသေးဘူး၊ နောက်ပြီးမှလည်း ကျနော်တို့ ဦးတည်ချက်ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ နိုင်ငံရေးဆွေးနွေးပြီးရင် ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့၊ ဒီလိုအနေအထားအရဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ရှိလာအောင်- ဆိုတဲ့သဘောပေါ့ဗျာ၊ သံတမန်ဆက်ဆံရေးအရ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိအောင်ဆိုတဲ့သဘောနဲ့တော့ လုပ်တယ်ဆိုပြီးတော့မှ ကျနော်တို့ လက်ခံတာပေါ့။”

ဗိုလ်ရှုသဘင်အခမ်းအနားအပေါ် ပြည်သူလူထုရဲ့သဘောထားနဲ့ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေတာအပါအဝင် မြန်မာ့နိုင်ငံရေးအတွက် အရေးပါတဲ့နှစ်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်မှာ အခုလို ဗိုလ်ရှုသဘင် အခမ်းအနားကျင်းပတာဟာ တပ်နဲ့နိုင်ငံတော်အစိုးရကြား ပူးပေါင်းအင်အားပြတဲ့သဘောလို့လည်း နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းက ရှုမြင်ပါတယ်။

“၂၀၁၅ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းအတွက်လည်း အရေးကြီးတဲ့နှစ်ပေါ့၊ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက်လည်း အရေးကြီးတဲ့နှစ်ပေါ့။ နောက်ပြီးတော့ ရေးကောက်ပွဲနှစ်လည်း ဖြစ်နေတဲ့နှစ်တနှစ်မှာ ဒီလို လွတ်လပ်ရေး အခမ်းအနားကို ဗိုလ်ရှုသဘင်အနေနဲ့ပေါ့လေ - စစ်တပ်ကလည်း အင်အားပြပြီးတော့ နိုင်ငံတော်သမ္မတရော၊ ကာကွယ်ရေးဦးစီးချုပ်ရော တက်ရောက်တယ်ဆိုတဲ့ အနေအထားဟာ တနည်းအားဖြင့် ပြောရရင် ၂၀၂၅ မှာဖြစ်လာမယ့် နိုင်ငံရေးအပြောင်းအလဲတွေအတွက်ပေါ့လေ၊ အင်အားပြသလား လို့တော့ ကျနော်က နည်းနည်း သံသယရှိတယ်ဗျ။ ပြည်သူလူထုအများစုက အတော်ကို ဆင်းရဲကြပ်တည်းနေတဲ့ အနေအထား ရှိတဲ့အခါကျတော့ - ဗိုလ်ရှုသဘင်လုပ်တယ်ဆိုတာလည်း တကယ်တန်းကတော့ ပြည်သူလူထုရဲ့ဘဏ္ဍာငွေတွေကို သုံးပြီးတော့ လုပ်တာလေ။ အဲဒီအခါကျတော့ ဆင်းရဲမွဲတေနေတဲ့ ပြည်သူလူထုအများစုကြီးပေါ့ဗျာ-တောင်သူလယ်သမား၊ အလုပ်သမားအပါအဝင် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအနေနဲ့ကတော့ ဒီကိစ္စအပေါ်မှာ ကျနော့်အမြင်ကတော့ သဘောကျလိမ့်မယ်လို့ မယူဆဘူး၊ ပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ ပြည်သူလူထုကို မျက်နှာမူတဲ့အခင်းအကျင်းမဟုတ်ဘူးလို့ ကျနော်က ယူဆတယ်ဗျ။”

နေပြည်တော်မှာ ကျင်းပမယ့် ဗိုလ်ရှုသဘင်အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးဌာနလက်အောက်ခံ ကြည်း၊ရေ၊ လေ တပ်မတော်ပိုင်းဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ နာယကတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ကြီးဌာနအသီးသီးက ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးအသီးသီးက အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီအသီးသီးက ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပါတယ်။

XS
SM
MD
LG