သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို တရုတ်ပံ့ပိုးမှု လေ့လာသူတွေ ထောက်ပြဝေဖန်


နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်ေန့အခမ်းအနားမြင်ကွင်း၊ မတ် ၂၇၊ ၂၀၂၃
နေပြည်တော်မှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် တပ်မတော်ေန့အခမ်းအနားမြင်ကွင်း၊ မတ် ၂၇၊ ၂၀၂၃

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ဟာ တရုတ်နိုင်ငံကနေ ဒေါ်လာ ၂၆၇ သန်းဖိုး စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူ တင်သွင်းခဲ့သလို၊ အရပ်သား ပြည်သူတွေကို ပစ်ခတ် တိုက်ခိုက်တဲ့ စစ်ကောင်စီကို တရုတ်အစိုးရက အကူအညီပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tom Andrews က သိပ်မကြာခင်က ထောက်ပြ ပြောကြားခဲ့ပါတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားကို အခြေခံပြီး အာဏာသိမ်း စစ်ကောင်စီကို စစ်ရေး အပါအဝင် တခြား ပံ့ပိုးမှုတွေ ဆက် ပေးနေတာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူတွေက လည်း ပြောဆိုကြပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီအကြောင်း အပြည့်အစုံကို တင်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ကုန်ကြမ်းပစ္စည်းတွေကို ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ ဆီကနေ တင်သွင်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က သိပ်မကြာခင်ကပဲ ထောက်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး မှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ဆက်စပ်ပြီး လက်နက်ရောင်းချမှုတွေကို တင်ပြခဲ့တာမှာ အဲ့ဒီလို ထောက်ပြခဲ့တာပါ။

ဒီထဲမှာ ရုရှားက အမေရိကန်ဒေါ်လာ ၄၀၆ သန်းနဲ့ အများဆုံး ရောင်းချထားပြီး တရုတ်က ၂၆၇ သန်းနဲ့ ဒုတိယအများဆုံး ရောင်းချခဲ့ပါတယ်။ စင်္ကာပူက ၂၅၄ သန်း၊ အိန္ဒိယက ၅၁ သန်း၊ ထိုင်းက ၂၈ သန်း စသဖြင့် အသီးသီး ရှိပါတယ်။ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို အဲ့ဒီနိုင်ငံတွေထဲမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကတဆင့် မြန်မာစစ်တပ်ကို ရောင်းချခဲ့ကြတာပါ။

တရုတ်ဟာ လက်နက်ရောင်းချတာအပြင် မြန်မာ့နိုင်ငံရေးမှာလည်း အတိုင်းအတာတခုအထိ လွှမ်းမိုးမှုရှိတယ်ဆိုတာ အများစုက လက်ခံထားကြ တာပါ။ စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ကာလမှာ ဒါက ပိုပြီး သိသိသာသာ မြင်ရတဲ့ အခြေအနေဖြစ်ပါတယ်။ ယခင်ရှိပြီးသား လက်နက်ကိုင်တွေအပြင် ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေကိုလည်း တရုတ်က သွယ်ဝိုက်တဲ့နည်းနဲ့ လက်နက် ပံ့ပိုးတာ၊ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေ ဖန်တီးပေးတာတွေ လုပ်ခဲ့ပါတယ်။ တဘက်မှာလည်း မြန်မာစစ်ကောင်စီကို သူ့နိုင်ငံတွင်းက ကုမ္ပဏီတွေက တဆင့် လက်နက်ရောင်းချတာမျိုးတွေ လုပ်နေတာပါ။

ဒီအခြေအနေကို ကြည့်မယ်ဆိုရင် တရုတ်ဟာ အနောက်နိုင်ငံတွေရဲ့ သြဇာခံလို့ သူ ရှုမြင်ထားတဲ့ NUG အစိုးရက အနိုင်ရပြီး စစ်ကောင်စီ လုံးဝပြိုလဲသွားမှာကို မလိုလားကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ အောင်သိန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။

လက်ရှိတော်လှန်ရေးမှာ စစ်ကောင်စီက အခြေအနေမလှတဲ့ အနေအထားတချို့ရှိပေမယ့် စစ်ကောင်စီ အလုံးစုံ ပြိုလဲသွားရင်တော့ မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေနဲ့ ယှဉ်ပြိုင်တာမှာ အကန့်အသတ်တွေ ရှိလာနိုင်တယ်လို့ တရုတ်က မြင်ပုံရကြောင်း သူက ပြောပါတယ်။ ဒါကြောင့် တရုတ်ဟာ သူ့ရဲ့ စီးပွားရေး အကျိုးအမြတ်အတွက် စစ်ကောင်စီကိုရော၊ NUG အစိုးရကိုရော နှစ်ဘက်စလုံးကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ကို ဆွဲတင်နေတယ်လို့ မြင်ကြောင်း ဒေါက်တာ အောင်သိန်းမြင့်က ပြောပါတယ်။

"တရုတ်က စေ့စပ်ညှိနှိုင်း ဆွေးနွေးရေး၊ သူတို့က ငြိမ်းချမ်းရေးလို့ ပြောတာပေါ့နော်။ အဲဒါကို အဲဒီလမ်းကြောင်းပေါ် တွန်းတင်ပြီးတော့ ကြိုးစားနေတယ်ဆိုတာ သိသိသာသာလည်း မြင်ရတယ်။ မသိမသာလည်း မြင်ရတယ်။ ဥပမာအားဖြင့် ထိုင်းမှာလုပ်သွားတဲ့ Track 1.5 လိုမျိုး အိန္ဒိယကလည်း ဆက်ပြီး carry on လုပ်တဲ့ဟာမျိုးဆိုရင် ကျနော်ထင်တယ် ဒါက တရုတ်ရဲ့ back up တစုံတရာ ပါနိုင်တယ်ပေါ့နော်။ နောက်တခုကတော့ စကစကို ပြိုလဲမသွားအောင် ကျားကန်ပေးတဲ့ အလုပ်တချို့ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း လုပ်နိုင်ပါတယ်ပေါ့နော်။ အဲဒီတော့ (စစ်လက်နက်) ရောင်းချတဲ့ တရုတ်ကုမ္ပဏီတွေကို မသိမသာ ဟ ပေးထားခြင်းအားဖြင့် ခွင့်ပြုပေးထားခြင်း အားဖြင့် စကစကို တစုံတရာ တောင့်ခံနိုင်အောင်၊ နှစ်ဘက်လုံး စစ်ပန်းအောင် လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်ပေါ့။"

တရုတ်ကတော့ သူပြောနေကြအတိုင်း နိုင်ငံတခုရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ဘူးဆိုတဲ့ မူဝါဒကိုပဲ လက်ကိုင်ထားကြောင်း ပြောလေ့ရှိပါတယ်။ တရုတ်နိုင်ငံမှာ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေကို အများအပြား လုပ်ခွင့်ပေးထားတာဖြစ်လို့ ဒီလိုစစ်လက်နက်တွေ ရောင်းချနေတာက တရုတ်နိုင်ငံပိုင် ကုမ္ပဏီတွေလို့ ပြောလို့မရကြောင်း တရုတ်နဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။ တရုတ်အနေနဲ့ကတော့ ငြိမ်းချမ်းရေးကိစ္စမှာ ပြောဆို ဝင်ပါနိုင်သလို၊ တဘက်မှာ စီးပွားရေးကလည်း လုပ်နေမှာပဲလို့ သူက ပြောပါတယ်။

လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။
လူနေတိုက်ခန်းတွေဖက်သေနတ်နဲ့ချိန်နေကြတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များ၊ မတ် ၄၊ ၂၀၂၁။

"တရုတ်က သူက ဘက်ပေါင်းစုံပဲ။ တဘက်ကလည်း ငြိမ်းချမ်းရေးအတွက်။ ဒါက သူ့ရဲ့ နိုင်ငံတော်ရဲ့ မဟာဗျူဟာဖြစ်တယ်။ ကျမတို့နိုင်ငံနဲ့သူနဲ့ လုပ်ထားတဲ့ စီးပွားရေး လမ်းကြောင်းတွေ ပြန်လည်ဖို့ မြန်မြန်ဆန်ဆန်ပြီးဖို့ပေါ့။ အထူးသဖြင့် ဒီနှစ်ကုန်မှာ belt and road နဲ့ပတ်သက်တဲ့ အစည်းအဝေး လုပ်မှာဖြစ်တာကိုး။ သူတို့ချမှတ်ထားတဲ့ စီမံကိန်းတွေ ဘယ်လောက်အောင်မြင်လဲ။ မအောင်မြင်လဲ။ ဘာလို့မအောင်မြင်လဲ။ ကွန်မြူနစ်စကားနဲ့ပြောရင် ပြန်ဆန်းစစ်ကြတာပေါ့။ ဗမာပြည်က တော်တော် နောက်ကျနေတာဖြစ်တယ်။ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးကို တဖက်ကပြောမှာ အမှန်ပဲ။ နောက် စီးပွားရေးနဲ့ပတ်သက်လို့ လက်နက်ရောင်းတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲဒါတွေကလည်း ရှိမှာပဲထင်တယ်။။ အစိုးရတရပ်က တဘက်တည်းကြည့်တာမှ မဟုတ်တာပဲ။ ဘက်စုံကြည့်တာ။ အဲဒီတော့ ငြိမ်းချမ်းရေးလည်း လုပ်မှာပဲ၊ ကျန်တဲ့ စီးပွားရေးတွေလည်း လုပ်မှာပဲ။"

ကုလ အထူးကိုယ်စားလှယ် Andrews ကတော့ “မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်စေတဲ့ နိုင်ငံတကာ လက်နက် အရောင်းအဝယ် အချိတ်အဆက်များ၊ ဒေါ်လာသန်းနဲ့ သွေးစွန်းတဲ့ကုန်သွယ်ရေး" လို့ဆိုပြီး အစီရင်ခံစာ ထုတ်ပြန် ရှုတ်ချထားပါတယ်။ ဒီအထဲမှာ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာ စစ်ကောင်စီလက်ထဲ စစ်လက်နက်တွေ မရောက်အောင် ဟန့်တားနိုင်မယ့် နည်းလမ်းတွေကို အကြံပြုထားပါတယ်။ မြန်မာ စစ်တပ်ရဲ့ အဓိက ငွေဝင်လမ်းကြောင်းတွေကို ပစ်မှတ်ထားဖို့၊ လက်နက်စီးဝင်တဲ့ လမ်းကြောင်းတွေကို အရေးယူပိတ်ဆို့ဖို့၊ လက်နက် ထောက်ပံ့ပေးနေတဲ့ ကွန်ရက်တွေကို အရေးယူတာတွေ လုပ်ပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးဖို့ လိုနေပြီဆိုတာကို အစီရင်ခံစာထဲမှာ တိုက်တွန်းထားတာပါ။

အမေရိကန်အစိုးရတော့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေ အရင်းအမြစ်တွေကို ပိတ်တာ၊ တဦးချင်း အရေးယူတာတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ သိပ်မကြာခင် ဇွန်လ ၂၁ ရက်နေ့ကပဲ စစ်တပ် ထိန်းချုပ်ထားတဲ့ ပြည်တွင်းက MFTB နဲ့ MICB တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ အဲ့ဒီနောက် စင်္ကာပူ UOB ဘဏ်ကလည်း မြန်မာ့လေကြောင်းလိုင်း MAI ရဲ့ ငွေအလွှဲအပြောင်းတွေကို လာမယ့် သြဂုတ်လ ၁၅ ရက်မှာ အပြီးပိတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်အစိုးရရဲ့ သွယ်ဝိုက် ဒဏ်ခတ်ခံရတာကို ရှောင်ရှားဖို့ စင်္ကာပူက ကြိုးစားလာတာပါ။

NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီဝင်တဦးဖြစ်တဲ့ ဦးမောင်မောင် ကတော့ သူတို့အနေနဲ့ စစ်တပ်ဝင်ငွေ ရပ်သွားအောင် လုပ်ဖို့ ကြိုးစားနေကြောင်း ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာ (ဇူလိုင် ၇၊ ၂၀၂၃)
စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးရွာ (ဇူလိုင် ၇၊ ၂၀၂၃)

"ဝင်ငွေပြတ်မှသာ သူဗုံးတွေ မဝယ်နိုင်ဘူး၊ သူ့စစ်သားတွေသယ်ဖို့ ဒီဇယ်မဝယ်နိုင်ဘူး။ အဲဒါတွေအားလုံး ရပ်ဖို့လိုတယ်ဆိုတာ ၂၀၂၁ နှစ်ကုန်ကတည်းက ကျနော်တို့ တောင်းဆိုခဲ့တာ။ မလုပ်ခဲ့ပါဘူး US က။ သို့သော် စစ်အုပ်စုက တဖြည်းဖြည်း လွန်လာတဲ့အခါမှာတော့ သူတို့ကနေ ဆုံးဖြတ်ပြီးတော့ ဒါကတော့ ဘဏ်တွေကို ဒီလိုပိတ်မှရမယ်ဆိုပြီး ပိတ်လာတာဖြစ်တယ်။ နောက်ပိုင်း လာပါဦးမယ် အာမခံလုပ်ငန်းတို့။ ဒါတွေအားလုံးက ချက်ချင်းတော့ မပေါ်ဘူး ဖြည်းဖြည်းနဲ့ ပေါ်လာတယ်။ ပြည်သူကိုကြဲနေတဲ့ဗုံးကို ဝယ်လို့မရအောင် ကျနော်တို့ ကြိုးစားနေတာဖြစ်တယ်။ သူတို့အကြွေးတွေရှိတယ်ဗျ အပြည်ပြည်ဆိုင်ရာမှာ။ သူတို့အားလုံးက စီးပွားရေးလုပ်တယ် ဆိုပေမယ့် ပိုက်ဆံတွေ ချေးပြီးလုပ်တဲ့ကိစ္စမှာ အကုန်လုံး မိုးကြိုးပစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။"

တရုတ် ပြည်မကြီးနဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ အများအပြားဟာ မြန်မာစစ်တပ်လိုအပ်တဲ့ လက်နက်နဲ့ ကုန်ကြမ်းတွေ အများအပြားကို ၂၀၂၁ အောက်တိုဘာကနေ ၂၀၂၂ ဒီဇင်ဘာလအထိ ရောင်းချခဲ့တယ်လို့ ကုလ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ထားပါတယ်။ တရုတ်က လေ့ကျင့်ရေးနဲ့ အပေါ့စား တိုက်လေယာဉ်တွေ၊ တင့်ကားတွေ အဆင့်မြှင့်ဖို့နဲ့ တိုက်လေယာဉ် စစ်ဆေး၊ ပြုပြင်တဲ့ ဝန်ဆောင်မှုတွေကို ပေးခဲ့တာလည်း ရှိပါတယ်။ ချောဆီ၊ ရာဘာ၊ ကြေး၊ စတီးနဲ့ အလူမီနီယံ သတ္ထုတွေကို မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေဆီ ပေးပို့ပေးခဲ့တယ်လို့လည်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြပါတယ်။ မြန်မာစစ်ကောင်စီနဲ့ ဆက်စပ်တဲ့ ပြည်တွင်း ကုမ္ပဏီတွေနဲ့ စစ်လက်နက် အသုံးအဆောင်တွေ ရောင်းချပေးခဲ့တဲ့ တရုတ်နဲ့ ဟောင်ကောင်က ကုမ္ပဏီတခုချင်းစီရဲ့ တင်ပို့ခဲ့တဲ့ ပမာဏကိုလည်း ကုလ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို တရုတ်အစိုးရက ပံ့ပိုးကူညီနေတယ်ဆိုတဲ့ ကုလ အထူးကိုယ်စားလှယ်ရဲ့ စွပ်စွဲချက်ကိုတော့ တရုတ်ဘက်က ငြင်းဆိုထားပါတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကြားက သာမန် လက်နက် ရောင်းဝယ်မှုတွေကို အချက်အလက်မှားတွေနဲ့ အပုပ်ချ စွပ်စွဲတာဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က ဒီလ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG