သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆိုင်ရာသဘောတူညီချက်က ကန်နုတ်ထွက်လို့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးမှုကို ထိခိုက်နိုင်သလား


အီရန်နျူကလီးယားစာချုပ်ကနေ နုတ်ထွက်တဲ့ အကြောင်းအရင်းများ ကြေညာချက်ကို သမ္မတ ထရမ့်ကိုယ်တိုင် ပြသနေစဉ်
အီရန်နျူကလီးယားစာချုပ်ကနေ နုတ်ထွက်တဲ့ အကြောင်းအရင်းများ ကြေညာချက်ကို သမ္မတ ထရမ့်ကိုယ်တိုင် ပြသနေစဉ်

အီရန်နျူကလီးယား သဘောတူညီချက်က နုတ်ထွက်ဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ကြောင့် မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ကိစ္စ သဘောတူညီမှုရရှိရေး အားထုတ်မှု လမ်းလွဲသွားနိုင်စရာမရှိပေမဲ့ ဆွေးနွေးရေးဖြစ်စဉ်ကိုတော့ ရှုပ်ထွေးခက်ခဲ သွားစေနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုနေကြပါတယ်။ VOA သတင်းထောက် Brian Padden ဆိုးလ်မြို့ကနေ သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြမှာပါ။

၂၀၁၅ မှာပြုလုပ်ခဲ့တဲ့ JCPOA ခေါ်ပူးတွဲ လုပ်ငန်းအစီအစဉ်ဟာ အီရန်က နျူကလီးယားလက်နက် အစီအစဉ်ကိုထိန်းချုပ်ရင် အီရန်အပေါ်ခချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းမယ်လို့ သဘောတူထားတာဖြစ်ပါတယ်။ အဲဒီအထဲက နှုတ်ထွက်မယ်လို့ Donald Trump အင်္ဂါနေ့က ကြေညာလိုက်ပြီး အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လုပ်မယ်လို့ဆိုပါတယ်။

ဒီသဘောတူညီချက်ဟာ ယခင်သမ္မတ Barack Obama လက်ထက်မှာ ရရှိခဲ့တာဖြစ်ပြီး ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်နဲ့ရုရှားနဲ့တရုတ်တို့ပါဝင်ခဲ့ကြတာပါ။ ဒီလိုနုတ်ထွက်လိုက်တဲ့အတွက် မြောက်ကိုရီးယားနဲ့ အလားတူ နျူကလီယားအရေးဆွေးနွေးတဲ့အခါ “အမေရိကန်ဟာ မပြည့်စုံတဲ့ သဘောတူညီချက်မျိူးဆိုရင် လက်ခံမှာမဟုတ်ဘူး” ဆိုတာ ပြတ်ပြတ်သားသားပြသရာ ရောက်တယ်လို့ Trump ရဲ့ အမျိုးသားလုံခြုံရေးအရာရှိ John Bolton ကဆိုပါတယ်။ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး ဌာန ကိုရီးယားပညာရှင် Victor Cha ကလဲ အီရန် ကိစ္စမှာ အမေရိကန်မူဝါဒ ပြောင်းလဲသွားပေမဲ့ မြောက်ကိုရီးယားနဲ့ သံခင်းတမန်ခင်းရှေ့ခရီးမှာ ထိခိုက်ဖွယ်မရှိဘူးလို့ဆိုပါတယ်။

“ဒီကိစ္စကို မြောက်ကိုရီးယားဘယ်လိုသဘောထားမလဲဆိုတော့ ဒါဟာကောငိးတယ်-ဆိုးတယ် ဆိုတာတော့ သူတို့စဉ်းစားလိမ့်မယ်မထင်ပါဘူး။ သူတို့နိုင်ငံရဲ့ အခြေအနေက ကျန်နိုင်ငံတွေနဲ့ မခြေမနေကတခြားစီဖြစ်နေတာပါ။ သုတို့ကိစ္စဟာ အထူးသီးခြားကိစ္စဖြစ်တယ်လို့ပဲ သူတို့ကယူဆထားတာပါ။”

အီရန် နဲ့ မြောက်ကိုရီးယားကိုယှဉ်မယ်ဆိုရင် အီရန် ကိစ္စက နျူကလီးယားဗုံးထုတ်ဖို့ ကြိုးပမ်းမှု ကန့်သတ်ဖို့ ကြိုးစားတာသာဖြစ်ပြီး မြောက်ကိုရီးယားကျတော့ နျူကလီးယားထိပ်ဖူး ၂၀ ကနေ ၆၀ ထိ ပိုင်ဆိုင်ထားပြီလို့ CIA နဲ့ တခြား စစ်ဘက်ထောက်လှမ်းရေးတွေက ဆိုပါတယ်။ ပြီးတော့ နျူကလီးယား စက်ရုံပေါင်းလဲ ၄၀ ကနေ ၁၀၀ ထိ တောင်ရှိနေပြီလို့ RAND သုတေသနအဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ နောင်တက်လာမယ့် သမ္မတတွေက Trump နဲ့ရယူမယ့်သဘောတူညီချက်ကို ဆက်လက်သဘောတူမှတူပါ့မလား ဆိုတာ စိုးရိမ်စရာရှိနေတဲ့ အတွက် အမေရိကန်ရဲ့လိုက်လျှောမှုမှုတွေကို ခပ်မြန်မြန်အကောင်အထည်ဖေါ်ပေးဖို့ မြောက်ကိုရီးယားကတောင်းဆိုလာနိုင်ပါတယ်။ဒါဟာ အဖုအထစ်နဲနဲရှိနိုင်ပေမဲ့ မကျော်လွှားနိုင်တဲ့ အတားအဆီးတော့မဖြစ်နိုင်ပါဘူး။

CIA အရာရှိဟောင်း နဲ့ လက်ရှိ CSIS သုတေသီ Sue Mi Terry ကတော့Trump နဲ့ သဘောတူထားရင် နောင်တက်လာမယ့်အစိုးရတွေဆက်လက်ထောက်ခံဖွယ် အလားအလာရှိလို့ဆိုပါတယ်။

“Trump အစိုးရနဲ့ သဘောတူညီမှုရပြီဆိုရင်တော့ ဒါဟာ ဆက်လက်အတည်ဖြစ်မယ်လို့ အတော်ခိုင်လုံ စိတ်ချရသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ Trump အစိုးရလိုသဘောထားတင်းမာတဲ့ အစိုးရမျိုး နောက်ထပ် တက်လာစရာမရှိဘူးဆိုတာကြောင့်ပါပဲ။”

ဘဏ္ဍာရေးသုံးသပ်သူတချို့က ဒီနှစ်နှောင်းပိုင်း အာရှနဲ့ဥရောပကို အီရန် ရေနံတင်ပို့မှု သိသိသာသာ ကျဆင်းသွားမယ်လို့ တွက်ကြပေမဲ့ အီရန် ရေနံစိမ်းအများအပြားတင်သွင်းနေတဲ့ တရုတ်နဲ့ အိန္ဒိယတို့က အီရန် အပေါ်ဒဏ်ခတ်အရေးယူတာကို ဆန့်ကျင်ကြတာပါ။ တောင်ကိုရီးယားကလဲ အီရန် အပေါ် ဒဏ်ခတ်အရေးယူတာကို ဆန့်ကျင်ကြတာပါ။ တောင်ကိုရီးယားကလဲ အီရန် အပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေထဲက ရေနံစိမ်းကို ချွင်းချက်ထားဖို့ ကြိုပမ်းနေပါတယ်။ ဂျပန်ကလဲ အီရန် နဲ့သဘောတူညီချက်ဟာ နိုင်ငံတကာ နျူကလီးယားမပျံ့ပွားရေးနဲ့ အရှေ့အလယ်ပိုင်း တည်ငြိမ်ရေးကို ခိုင်မာစေတယ်လို့ ပြောပါတယ်။

ဂျပန်၊ တောင်ကိုရီးယား နဲ့ တရုတ်ခေါင်းဆောင်တွေဟာ အမေရိကန်နှုတ်ထွက်တဲ့ကိစ္စကို လူသိရှင်ကြားတော့မဝေဖန်ကြပေမဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုအဆုံးသတ်ရေး သံခင်းတမန်ခင်းအားထုတ်မှုကို ဆက်လက်ထောက်ခံသွားမယ်လို့ပြောကြပါတယ်။

သူတို့ ၃ ဦး ဗုဒ္ဒဟူူးနေ့မှာတွေ့ဆုံပြီး ဂျပန်ဝန်ကြီးချုပ် Shinza Abe ကဆိုရင် အခုလိုပြောခဲ့တာပါ။

“ကုလသမဂ္ဂရဲ့ပြဌာန်းချက် တွေနဲ့အညီ မြောက်ကိုရီးယားရဲ့ ဖျက်အားဖြင်းလက်နက်တွေ ဒုံးကျည်တွေကို လုံးဝဥဿုံ ပြတ်ပြတ်သားသား ဖျက်ဆီးပစ်နိုင်ဖို့ အတွက် ကျွန်တော် ဆက်လက်အားထုတ်သွားရမှာပါ။”

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့အကြား အပြန်အလှန်ညှိုနှိုင်း ဈေးဆစ်စရာတွေကတော့ အများကြီး ရှိနေနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ နှစ်နိုင်ငံကြား စစ်မဲ့ဇုံနေရာကို သွားရောက်ပြီး မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သူ တောင်ကိုရီးယားဝန်ကြီးချုပ် Moon Jae In ကတော့ ထာဝရငြိမ်းချမ်းရေး ရနိုင်ဖို့အတွက် အခြေခံအုတ်မြစ် ချနိုင်ခဲ့ပြီလို့ ပြောထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာလဲ မြောက်ကိုရီးယားခေါင်းဆောင် Kim Jung Un နဲ့ ပြုံးရမ်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က သွားရောက်တွေ့ဆုံခဲ့ပြီး သမ္မတ ထရမ့်နဲ့ တွေ့ဆုံရေးအတွက် ညှိုနှိုင်းခဲ့သလို ဖမ်းဆီးထောင်ချခံနေရတဲ့ ကိုးရီးယားအနွယ်ဝင် အမေရိကန်နိုင်ငံသား သုံးဦးကိုလည်း ပြန်လည်လွတ်မြောက်လာစေခဲ့ပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG