သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်အရေး နိုင်ငံတကာနဲ့ညှိနှိုင်းပူးပေါင်းဖို့ မြန်မာအစိုးရကို တိုက်တွန်း


မြန်မာနိုင်ငံကို လာရောက်လေ့လာခဲ့ကြတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များ (MOI Webportal Myanmar)

တရုတ်နိုင်ငံအပါအ၀င် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးအရေးယူဖို့ မြန်မာအစိုးရကို ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။ ဒီလိုတိုက်တွန်းချက်အရ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့စည်းရာမှာ မြန်မာအစိုးရ၊ တပ်မတော်နဲ့ ကုလသမဂ္ဂက လက်ခံနိုင်မယ့် အဖွဲ့ ဖွဲ့စည်းရေးရာ အဓိက စိန်ခေါ်ချက်ဖြစ်နိုင်ပြီး နိုင်ငံတကာနဲ့ နားလည်မှုရှိရှိ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲထားတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅နိုင်ငံအတွင်းမှာ အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ဒီလ ၉ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီကြေညာချက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက စွပ်စွဲခံထားရတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို တရားဥပဒေစိုးမိုးမှုကို အခြေခံပြီး ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း နဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ကျူးလွန်မှု၊ ကလေးငယ်များအပေါ် အကြမ်းဖက်မှုအပါအ၀င် အကြမ်းဖက်မှုကျူးလွန်သူတွေကို အရေးယူဖို့လည်း တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ ဧပြီလကုန်ပိုင်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ချိန်ကတော့ ဒီလိုစုံစမ်းစစ်ဆေးဖို့အတွက် နည်းလမ်း၂မျိုးရှိကြောင်း နဲ့ အဲဒါကတော့ICC ခေါ်နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးကနေ ကိုင်တွယ်စုံစမ်းဖို့နဲ့ မြန်မာအစိုးရက ကိုယ်တိုင် စုံစမ်းစစ်ဆေးဖို့ဆိုတာဖြစ်ပါတယ်။

ဒီ၂ချက်အနက်မှာ မြန်မာအစိုးရအနေနဲ့ ကိုယ်တိုင်စုံစမ်းစစ်ဆေးဖို့ကို ရွေးခြယ်မယ့်အလားအလာရှိနေပြီး ဒီလို ရွေးခြယ်မယ်ဆိုရင် တွေ့ကြုံရနိုင်တဲ့ စိန်ခေါ်မှုကို နိုင်ငံရေးလေ့လာသုံးသပ်သူ သင့်ဘ၀အယ်ဒီတာဟောင်း ဦးတင်မောင်သန်းက အခုလို ပြောပါတယ်။

“ သီးခြားလွတ်လပ်သောအဖွဲ့ကို ဘယ်လိုဖွဲ့မလဲဆိုတာက စိန်ခေါ်ချက်ဖြစ်လိမ့်မယ်လို့ ထင်တယ်။ မြန်မာအစိုးရကလည်းလက်ခံနိုင်တယ်။ တပ်မတော်ကလည်း လက်ခံနိုင်တယ်။ ပြီးတော့ ကုလသမဂ္ဂကလည်းလက်ခံနိုင်မယ့် စုံစမ်းရေးကော်မရှင်တခု ဘယ်လို ဖွဲ့မလဲဆိုတာက အဓိက စိန်ခေါ်ချက် ဖြစ်လိမ့်မယ်။ အဲဒါတွေကိုနားလည်တဲ့သူ ဒီလို စွပ်စွဲချက်တွေ ဒီလို ကိစ္စမျိုးတွေမှာ သိနားလည်တယ်၊ အတွေ့အကြုံရှိတယ်ဆိုတဲ့လူကို မြန်မာနိုင်ငံမှာ ရှာဖို့ကကော လွယ်ကူမလားပေါ့။ ဘယ်သူ့ကို ထည့်မလဲပေါ့ ဒါက အဓိက စိန်ခေါ်ချက်ပဲဖြစ်မယ်ထင်တယ်။ ”

မြန်မာအစိုးရဖက်ကတော့ ဒီအချက်အပေါ် တုံပြန်ထားတာနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

အခြားနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက လက်ရှိအခြေအနေအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖိအားပေးတာတွေ ပိုမိုများလာနိုင်ကြောင်း၊ ဒီလိုများလာရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေအပေါ်မှာ သက်ရောက်မှုတွေများလာနိုင်ကြောင်း ရှုမြင်ပါတယ်။

ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက် သူ့အမြင်ကို အခုလို ဆက်ပြောပါတယ်။

“ အခုလတ်တလော ကျနော်တို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ကနေပြီးတော့ ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ပေါ့။ ဒီအထူးကိုယ်စားလှယ်နဲ့ ကျနော်အမြင်ပေါ့ မြန်မာအစိုးရကော၊ လွှတ်တော်ကော၊ တပ်မတော်ကောက အမြန်ဆုံးပေါ့လေ မြန်မာနိုင်ငံကိုဖိတ်ခေါ်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလို ဖိတ်ခေါ်ပြီးတဲ့နောက်မှာ အထူးကိုယ်စားလှယ်ကနေ တဆင့် မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအကြားမှာ ဒီထက်ပိုပြီးတော့ ယုံကြည်မှုနားလည်မှုတည်ဆောက်နိုင်မယ့် ခြေလှမ်းတွေကို ဘယ်လို လှမ်းနိုင်မလဲဆိုတာကို အဖြေရှာနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ”

တချိန်တည်းမှာပဲ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာကို အမြန်ဆုံးချပြနိုင်ဖို့ လိုအပ် ကြောင်းလည်း ပြောပါတယ်။

“ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ရင်လည်းပဲ မြန်မာနိုင်ငံဘက်က လုပ်ဆောင်ချက်တွေ အထောက်အထားတွေ တွေ့ရှိချက်တွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းကို ချပြဖို့ လိုအပ်သလို ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေ၊ နိုင်ငံတကာသတင်းမီဒီယာတွေကိုလည်းပဲ အချိန်နဲ့ တပြေးညီရှင်းလင်း ဆွေးနွေးချပြနိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”

မြန်မာအစိုးရဖက်ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တိုက်တွန်းချက်အပေါ်မှာ တုံပြန်ထားတာ မရှိသေး ပါဘူး။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပထမအဆင့် ယုံကြည်မှုတည်ဆောက်တဲ့အနေနဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းဌာနတွေနဲ့ မိတ်ဖက်အဖွဲ့တွေကိုသာမက လူသားချင်းစာနာမှု ဆိုင်ရာအကူအညီတွေပေးနေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ်မှာ လုံလုံခြုံခြုံနဲ့ အတားအဆီးမရှိဘဲ အမြန်ဆုံး သွားရောက်ခွင့်ပြုဖို့ နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ UNDP တို့နဲ့လည်း မကြာခင်မှာ နားလည်မှုစာချွန်လွှာ ရေးထိုးဖို့ တိုက်တွန်းကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG