နာမည်ကျော် ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်မှာ လက်ရှိချန်ပီယံ Novak Djokovic ကို Andy Murray က အနိုင်ရသွားပါတယ်။ ပြိုင်ဘက်ဖြစ်သူ ကို ၆ မှတ် - ၄ မှတ်၊ ၇ မှတ် - ၅ မှတ်၊ ၆ မှတ် - ၄ မှတ်နဲ့ အနိုင်ယူကစားခဲ့ပြီး Murray ဟာ နှစ်ပေါင်း ၇၇ နှစ်အတွင်း ပထမဆုံး ဗြိတိန်နိုင်ငံသား ၀င်ဘယ်ဒန် တင်းနစ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။
ဗြိတိန်နိုင်ငံမှာ အပူဆုံးနေ့ တနေ့အဖြစ် စံချိန်တင်ထားရတဲ့ ရာသီဥတုအောက်မှာ ချန်ပီယံဖြစ်တဲ့ Djokovic ကို အနိုင်ရဖို့ ၃ နာရီနဲ့ ၉ မိနစ်ကြာအောင် ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။ ဆာဗီးယားနိုင်ငံသား Djokovic ကတော့ပြိုင်ဖက်ဖြစ်တဲ့ Murray ကြိုးစားပမ်းစား ကစားခဲ့တဲ့အပေါ် ချီးကျူးခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဗိုလ်လုပွဲမှာ အနိုင်ရခဲ့အပြီးမှာတော့ ၀င်ဘယ်ဒန်ပွဲမှာ ဗြိတိန်နိုင်ငံသား တယောက် အနိုင်ရတာကို မြင်ချင်နေကြတာကို သူ့အနေနဲ့ နားလည်သဘောပေါက်တဲ့ အကြောင်းနဲ့ အခုတော့ အားလုံး ကျေနပ်ကြ လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း Murray ကမှတ်ချက်ပေးသွားပါတယ်။
ဝင်ဘယ်ဒန်မှာ ဗြိတိန်နိုင်ငံသားတဦး နောက်ဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ တာကတော့ ၁၉၃၆ ခုနှစ်က Fred Perry ပါ။ ချန်ပီယံဆု ဆွတ်ခူးသွားတဲ့ Murray ကို အဲလိဇဘတ် ဘုရင်မကြီးကလည်း ချီးကျူးစကား ပါးခဲ့တဲ့အကြောင်း Buckingham နန်းတော် ပြောခွင့်ရသူက ပြောပါတယ်။