သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု Angelina Jolie ဝေဖန်


ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် Angelina Jolie က NATO တပ်မှုးတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေး တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် ( ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ ဇန်နဝါရီလ ၃၁ ရက်)
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် Angelina Jolie က NATO တပ်မှုးတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေး တက်ရောက် မိန့်ခွန်းပြောကြားနေစဉ် ( ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ ဇန်နဝါရီလ ၃၁ ရက်)

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ အရေး ကမ္ဘာ့နိုင်ငံအများအပြားက တုန့်ပြန်ဖို့ ပျက်ကွက်နေကြတယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် Angelina Jolie က ပြောကြားလိုက်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့တော်မှာ မြောက်အန္တလန်တစ် စစ်စာချုပ်အဖွဲ့ NATO တပ်မှုးတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေး အတွင်း ဗုဒ္ဓဟူးနေ့က အခုလို ပြောကြားလိုက်တာပါ။

ဒီသီတင်းပတ်ထဲမှာပဲ ဂျော်ဒန်က ဆီးရီးယားဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ်Angelina Jolie က ပဋိပက္ခတွေ အတွင်း လိင်မှုဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်လက်နက်သဖွယ် သုံးနေတာတွေ ရပ်သွားအောင် အကူညီပေးဖို့ NATO တပ်မှုးတွေနဲ့ ဘရပ်ဆဲလ်မှာ တွေ့ဆုံစဉ်မှာ ပန်ကြားခဲ့ပါတယ်။

“အမျိုးသမီးနဲ့ ကလေးငယ်တွေ အပေါ်၊ အထူးသဖြင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်တာမျိုးကို ကမ္ဘာတလွှား မတည်ငြိမ်တဲ့ ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ တိုးလာတာ တွေ့ရပါတယ်။ အဓမ္မပြုကျင့်တာကို ပဋိပက္ခဒေသတွေရဲ့ လက်နက်သဖွယ်သုံးဖို့ ရှောင်လွှဲမရတဲ့ အဖြစ်၊ သေးငယ်တဲ့ရာဇဝတ်မှုအဖြစ်၊ ဒါမှမဟုတ် ပြဿနာက လူ့အသိုင်းအဝိုင်းထဲ ထုတ်ပြောဖို့ သိပ်ခက်နေတာ၊ မပြောချင်တာမျိုး အဖြစ်ပဲ သတ်မှတ်နေကြဆဲ ဖြစ်ပါတယ်။”

ကမ္ဘာတဝှမ်း လိင်မှုဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကျားမခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့နဲ့ အမျိုးသမီး အခွင့်ရေးဆိုင်ရာ နားလည်မှု ရှိလာစေဖို့ လိုအပ်တယ်လို့လည်းကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူးကိုယ်စားလှယ် Angelina Jolie က ပြောပါတယ်။

“ဟိုနေ့က လူတယောက် ပြောတာမျိုးလိုပါပဲ။ ကျားမတန်းတူရေးအတွက် တိုက်ပွဲဝင်တယ် ဆိုတာက အမျိုးသမီးတွေကို ပေးမထားတဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ပေးဖို့ပါ။ သူတို့မှာ ရပိုင်ခွင့်ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ မွေးရာပါ အခွင့်အရေးပါ။ ဒါက အမျိုးသမီးတိုင်း၊ မိန်းခလေးတိုင်းအတွက် မွေးရာပါ လူ့အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကျမတို့အကာကွယ်ပေးရမှာ ဖြစ်သလို သူတို့အတွက် တိုက်ယူပေးရမှာမို့ ဝမ်းသာစရာပါ။”

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေ၊ ပဋိပက္ခတွေအတွင်းမှာ ဒုက္ခရောက်နေရတဲ့ မိန်းခလေးငယ်တွေနဲ့ အမျိုးသမီးတွေအပြင် စစ်တပ်အတွင်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ အမျိုးသမီးတွေနဲ့ တခြားလူမှုအသိုင်းဝိုင်းတွေမှာ ခွဲခြားဆက်ဆံ ခံနေရမှုတွေ ရှိနေသမျှ ငြိမ်းချမ်းမှုနဲ့ လုံခြုံစိတ်ချရမှု ဘယ်တော့မှာ ရနိုင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

“အမျိုးသမီးတွေ ပါဝင်ခွင့်နဲ့ တန်းတူအခွင်ရေးရပိုင်ခွင့် မရှိဘူးဆိုရင် အဲဒီ လူမှုအသိုင်းအဝိုင်း အားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက တာရှည်မမြဲနိုင်ပါဘူး။ အမျိုးသမီးတွေနဲ့ မိန်းခလေးငယ်တွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခွင့် ပေးထားတဲ့ ပတ်ဝန်းကျင်မျိုးမှာ ဆိုလည်း ကျားမတန်းတူ ရပိုင်ခွင့်လည်း ဘယ်တော့မှာ ရှိမှာ မဟုတ်ပါဘူး။”

အထူးသဖြင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအများအပြားက တုန့်ပြန်ဖို့ ပျက်ကွက် နေကြတယ်လို့ အထူးကိုယ်စားလှယ် Angelina Jolie က ဝေဖန် အပစ်တင်ခဲ့ပါတယ်။

“ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကျမသိပ်စိတ်ပူပါတယ်။ နိုင်ငံတကာရဲ့ တုန့်ပြန်မှု မရတဲ့အတွက် သိပ်ကိုဒေါသထွက်ရပါတယ်။ အသက် ဆယ်နှစ်အရွယ် မိန်းခလေးတွေ အဓမ္မကျင့်ခံရတဲ့ ဇာတ်လမ်းတွေနဲ့ အဲဒီမှာ ရှင်တို့သိတဲ့အတိုင်းပါ၊ အဲဒီမှာက ဆွေးနွေးနေတာ အများကြီးပါ။ ဆွေးနွေးတာကပဲ သိပ်ကိုများနေပြီး အရေးယူဆောင်ရွက်တာကျတော့ သိပ်ကိုနဲပါတယ်။ ဒီလိုဖြစ်နေတာမျိုးက မကြာမကြာတွေ့ရပါတယ်”

မနှစ်က သြဂုတ်လအတွင်း ရခိုင်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်းအများအပြားကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ဒုက္ခသည် ၆ သိန်းခွဲလောက် ထွက်ပြေးခဲ့ရသလို ဒီဒုက္ခသည်တွေထဲမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုခံရသူ တွေလည်းရှိတယ်လို့ ကုလသမဂ္ဂက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အထူးကိုယ်စားလှယ် Jolie ဟာ ၂၀၁၅ တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။ အဲဒီအချိန်က လာရောက်တဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း နှစ်ပေါင်းများစွာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ စိန်ခေါ်မှုတွေနဲ့ နိုင်ငံ့အနာဂတ်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ကူညီနိုင်ဖို့ဖြစ်ပြီး သူ့ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူတွေ၊ စစ်ဘက်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့က Jam Mai Kaung ဒုက္ခသည် စခန်းကို သွားရောက်ခဲ့ပြီး ရန်ကုန် လှိုင်သာယာက အလုပ်သမားတချို့နဲ့ပါ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG