သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေက NGO ရုံးများ တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း လုံခြုံရေးတင်းကျပ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင်း လုံခြုံရေးတင်းကျပ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေ အခြေစိုက် နိုင်ငံတကာ NGOတွေက နိုင်ငံခြား သားတွေကို အစိုးရက စစ်တွေဟိုတယ်မှာ လုံခြုံရေး ပေးပြီး ရန်ကုန် ပြန်နိုင်အောင် စီစဉ်ပေးနေတယ်လို့ စစ်တွေမြို့ကို ရောက်ရှိနေ တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။ ဒေသတွင်း အခြေအနေတွေ မတည်မငြိမ် ပြန်ဖြစ်လာတာကြောင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို လည်း ထုတ်ပြန်ထားပါတယ်။ စစ်တွေ နောက်ဆုံးရ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က စုစည်း တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခြေစိုက်တဲ့ Malteser နိုင်ငံခြား NGOနိုင်ငံခြားသူ တစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်း ထွက်လာပြီးတဲ့ နောက်မှာ စစ်တွေ က NGO ရုံးတွေ နဲ့ NGO ဝန်ထမ်းတွေနေတဲ့ နေအိမ်တွေကို ပါ စစ်တွေ ဒေသခံအချို့က ဗုဒ္ဓဟူးနေ့ ညနေပိုင်းကစပြီး ဝိုင်းဝန်း ဖျက်ဆီးမှုတွေ လုပ်ခဲ့တာလို့ စစ်တွေပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။

" စစ်တွေအခြေအနေကတော့ မနေ့ကနေ ဖြစ်တာပေါ့။ ဖြစ်တဲ့ အပိုင်းမှာတော့ တော်တော်များများ NGO ဌားထားတဲ့ အိမ်တွေကို၊ လိုက်ပြီး ဖြိုနေကြတာပေါ့။ အဲ့တာကို ထိန်းသိမ်းလို့ မရသေးတဲ့ အခြေအနေဖြစ်နေတယ်။"

မေး။ ။ ဒီနေရာမှာ တစ်ခုမေးချင်တာက သာသနာ အလံကို မဖွယ်မရာ လုပ်တယ်ဆိုတဲ့ နေရာမှာ ဘယ်လိုမျိုး စဖြစ်တယ်လို့ သိထားလဲခင်ဗျ။

" အဲ့ဒီ့Malteserက နိုင်ငံခြားသူ အမျိုးသမီးက သူ့ရဲ့ ရုံးဘေးနားမှာ သာသနာ့အလံ ဗုဒ္ဓဘာသာ သာသနာ့အလံ ထောင်ထားတဲ့ အလံကို စော်ကားမော်ကား လုပ်တဲ့အတွက်ကြောင့်၊ အဲ့ဒီ့ကနေ စဖြစ်တာပေါ။ သူက အလံကို ဘယ်လိုပြောမလဲ။ ဗုဒ္ဓဘာသာ အလံကို ဆွဲဖြဲ၊ ဟိုဟာလုပ်၊ ဒီဟာလုပ်၊တာကို ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက မြင်သွားတယ်။ မြင်သွားတော့ အဲ့တာ သတင်းက ပြန့်သွားရော၊ ပြန့်သွားတဲ့ဟာကို လူတွေက မကျေနပ်တာ။"

မေး ။ ။ မနေ့ညတုန်းကရော တာဝန်ရှိသူတွေက ဒီ အကြမ်းဖက်မှုတွေ လုပ်နေတဲ့သူတွေကို ဘယ်လိုမျိုး ဖြေရှင်းပေးလဲ။

" အဲ့ဒီ့တော့ မနေ့က ည ၇နာရီခွဲလောက်ကနေ ၁၂နာရီလောက်အထိ ရုံးကို ဖျက်ဆီးကြတာပေါ့။ အဲ့သလို လူတွေက အုပ်လိုက် ရောက်လာပြီး အဲ့ဒီ့အမျိုးသမီးကို ဆိုးဆိုးရွားရွားကြီး ဘာမှ မလုပ်လိုက်ဘူး။ ရဲတပ်ဖွဲ့က အဲ့ဒီ့သူ့ကို ဆွဲထုတ်ယူသွားလို့ရလိုက်တယ်။ ဒါပေမဲ့ ဖုန်းနဲ့ ပစ္စည်း ပစ္စိယတွေကိုတော့ ထုခွဲ၊ ရိုက်ခွဲ အဲ့လိုမျိုး အကုန်လုံး ဖျက်ဆီးလိုက်ကြတာပေါ့။ အဲ့ဒီ့အကျိုးဆက်က မနက်ပိုင်းအထိကို ပါလာတယ်။

မနက်ပိုင်းလည်း အဲ့ဒီ့လူစုတွေက ပြန်ပြီး စုကြပြီး မြို့ထဲမှာ ရှိတဲ့ အကုန်လုံး NGO အဖွဲ့တွေကို လိုက်ပြီး ဖြိုကြတာပေါ့။ မနေ့ကတော့ ညဘက်မှာ သေနက်ဖောက်ပြီး လူစုခွဲလိုက်ရတယ်။"

အခုဒီသတင်းကို ရေးသားနေတဲ့ နောက်ဆုံးအချိန် ညနေ ၅ နာရီ ခွဲမှာတော့ စစ်တွေမြို့မှာ ရှိတဲ့ NGO ရုံးတွေ ကုန်သလောက်နီးပါး ဖျက်ဆီးခံရပြီးတော့ အဲဒီ ရုံးတွေ နဲ့ နေအိမ်တွေလိုက်လံ ဖျက်ဆီးသူတွေ ဟာ စစ်တွေ လေယာဉ်ကွင်းထိ ချီတက်သွားတယ်လို့ စစ်တွေ မြို့နယ်ကို ရောက်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

နိုင်ငံတကာ NGOတွေက နိုင်ငံခြားသားတွေကို အစိုးရက စစ်တွေဟိုတယ်မှာ လုံခြုံရေးပေးပြီး ရန်ကုန် ပြန်နိုင်အောင် စီစဉ်ပေးနေတယ်လို့လည်း ဦးဖေသန်း က ပြောပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ စစ်တွေမြို့မှာ မနက် ၆ နာရီက နေ ညနေ ၆ နာရီ လမ်း ပေါ်မထွက်ရတဲ့ အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ကို လည်း ထုတ်ပြန်ထားတယ်လို့ ဦးဖေသန်းက ဆက်ပြောပါတယ်။

" ပုဒ်မ ၁၄၄က ညခြောက်နာရီ၊ မနက်ခြောက်နာရီအထိ ထုတ်လိုက်ပြီ။ ပြီးတော့ နိုင်ငံခြားသားတွေလည်း အကုန် စစ်တွေ ဟိုတယ်မှာ စုထားတယ်လို့ပြောတယ်။ သူတို့ကိုပြန်ပို့မှာပေါ့။ သူတို့အတွက် လုံခြုံရေးကိုတော့ အကုန်လုံးယူထားပါတယ်။"

ရခိုင်ဒေသ အခြေစိုက် မာတေဇာ အပါအဝင် NGO တချို့ဟာ မွတ်စလင် ဘာသာဝင်တွေကို ဘက်လိုက်မှု ရှိတယ်ဆိုပြီးတော့ ရခိုင်ပြည်နယ်က ထွက်သွားရေး ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် ပေါက်တောမြို့မှာရှိတဲ့ ဆင်တက်မော်မှာရှိတဲ့ ဒုက္ခသည် စခန်းအတွင်းက လူတွေနဲ့ ဒေသခံ ရွာသားတွေအကြား မနှစ် နိုဝင်ဘာလက ဖြစ်သွားခဲ့တဲ့ ပဋိပက္ခမှာ ဒဏ်ရာရခဲ့သူတွေကို ခွဲခြားဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာ အဲန်ဂျီအိုတွေကို ဒေသခံတွေက ကန့်ကွက် ဆန္ဒပြခဲ့တဲ့အတွက် အဲဒီဒေသက ထွက်ခွာသွားရတဲ့ NGO ၃ ဖွဲ့ထဲမှာ Malteser အဖွဲ့လည်း ပါဝင်ခဲ့တာပါ။

မကြာသေးခင်တုန်းကလည်း ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ဟာလည်း နားလည်မှုစာချွန်လွှာ သက်တမ်းကုန်ဆုံးတဲ့ အတွက် ရခိုင်ပြည်နယ်ထဲက သူတို့ရဲ့လုပ်ငန်းတွေ ဆက်မလုပ်ဖို့ ယာယီ ရပ်ဆိုင်းခံရတာ ဖြစ်ပါတယ်။

စစ်တွေ နောက်ဆုံး အခြေအနေနဲ့ လူအသေအပျောက်နဲ့ ထိခိုက် ဒဏ်ရာ ရရှိမှု နောက်ဆုံး အခြေအနေတွေကို သိနိုင်ဖို့ ရခိုင်ပြည်နယ် အစိုးရကို ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရသေးပါဘူး။

အမေရိကန်နိုင်ငံသား ၃ ယောက်အပါအဝင် စစ်တွေမှာရှိတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ ရုံးခန်းနဲ့ ပိုင်ဆိုင်မှုတွေကို ရည်ရွယ်ပြုလုပ်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ် အမေရိကန်အစိုးရအနေနဲ့ အထူး စိုးရိမ်ပူပန်ကြောင်း ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်တွေမှာရှိတဲ့ လူသားချင်းစာနာမှုှဆိုင်ရာ အကူအညီပေးနေသူတွေရဲ့ လုံခြုံရေးအတွက် ဒေသခံ အာဏာပိုင်တွေက ကြိုးစားပေးနေပေမဲ့ အခုလိုစစ်တွေမှာ လုံခြုံရေး အားနည်းလို့ဖြစ်တဲ့အခြေအနေအေပါ်မှာ အင်မတန် စိုးရိမ်တဲ့အကြောင်းနဲ့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွက် ရေရှည်ခံတဲ့ အဖြေရအောင် ဆောင်ရွက်ဖို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
XS
SM
MD
LG