သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည် ဘက် ၂ ဘက် သင့်မြတ်ရေး ကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အလေးထား


ရခိုင် အကြမ်းဖက်မှု ပဋိပက္ခတွင်း တိမ်းရှောင်လာတဲ့ ရခိုင်ဒုက္ခသည်များ။ (သြဂုတ် ၊ ၂၀၁၂)
ရခိုင် အကြမ်းဖက်မှု ပဋိပက္ခတွင်း တိမ်းရှောင်လာတဲ့ ရခိုင်ဒုက္ခသည်များ။ (သြဂုတ် ၊ ၂၀၁၂)

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သူတို့အခေါ်အားဖြင့် ရိုဟင်ဂျာ မူစလင် လူနည်းစုတွေ အကြောင်းပဲ အများဆုံးပြောနေပေမဲ့ ဗုဒ္ဓ ဘာသာဝင် ရခိုင်လူမျိုးတွေ ဟာလဲ အင်မတန်ကို စိုးရိမ်ထိတ်လန့်ဖွယ် အခြေအနေမှာ နေထိုင်နေကြရတာပါလို့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

မကြာသေးခင်ရက်ပိုင်းတွေအတွင်း ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ သွားရောက်ပြီးတော့ လှေစီးပြေးဒုက္ခသည်တွေ အရေး တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်ခြင်း ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အန်းန် ရစ်ချတ်ဒ် (Anne Richard) က ကြာသပတေးနေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ တော်ကနေ တယ်လီဖုန်းကတဆင့်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောသွားတာပါ။

လက်ထောက်ဝန်ကြီး Anne Richard ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ကလည်း မြန်မာနိုင်ငံ ဆီ လာရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ဘက် သွားခဲ့ သူပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူ တွေ့ဆုံ စကားပြောဆိုခဲ့တဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီက အခြေအနေကြောင့် တကယ်တမ်း လူနေမှုဘ၀ အဆင်ပြေနေကြတာ မဟုတ်ဘဲ သူတို့ဟာ ချမ်းသာသူတွေမဟုတ်ပါဘုူးလို့ သူကပြောပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်း ရှင်းလင်းသုတ်သင်တာ ဒါမှမဟုတ် Genocide လို့ခေါ်တဲ့ အစုအဝေးလိုက် ရှင်းပစ်တာမျိုးကို ဖြည်းဖြည်းချင်း လုပ်နေတယ်လို့ ပြောဆိုနေကြတာတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရသလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ လက်ထောက်ဝန်ကြီး Richard က အတိအကျပြောမသွားဘဲ အမေရိကန်နိုင်ငံခြားရေးဌာနက ဥပဒေအကျိုးဆောင်တွေကို မေးဖို့ သာ ပြန်ပြောသွားပါတယ်။

လှေစီးပြေးဒုက္ခသည်တွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပါနေတဲ့ကိစ္စ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြောဆို ဆွေးနွေးတာတွေရှိပြီး တော့ သူတို့ဟာ စီးပွားရေးအရ ရွှေ့ပြောင်းဝင်ရောက်သူတွေ ဖြစ်တယ်ဆိုတဲ့ ယေဘုယျနားလည်ချက် ရှိထားတယ်လို့ သူကပြော ပါတယ်။

မြန်မာအစိုးရက ဘင်္ဂါလီလို့ခေါ်တဲ့ ရခိုင်ပြည်နယ်က မူစလင် လူနည်းစုတွေ နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စ ရပ်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က သိပ် ပြောဆိုလုပ်ဆောင်တာမျိုး မတွေ့ရတာနဲ့ ပတ်သက်တဲ့မေးခွန်းကိုတော့ မစ္စစ် Richard က လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေအားလုံးက ထုတ်ဖော်ပြောဆိုတာမျိုးနဲ့ ရိုဟင်ဂျာတွေကို ကူညီသင့်တယ်လို့ နားလည်လက်ခံ တာမျိုးကို မြင်ချင်တဲ့အကြောင်း ပြန်ဖြေသွားပါတယ်။

နိုင်ငံတကာအခေါ် ရိုဟင်ဂျာ၊ မြန်မာအစိုးရအခေါ် ဘင်္ဂါလီတွေကို ဖိနှိပ်တာမျိုး မရှိပါဘူးလို့ ကြာသပတေးနေ့က ရန်ကုန်မြို့မှာ လုပ်တဲ့ ရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ကပြောသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြာသပတေးနေ့ ကကျင်းပတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း မေးတာမှာ ပြောခွင့်ရ Marie Harf က ဖိနှိပ်မှု တကယ်ပဲရှိမရှိ အမေရိကန်ရဲ့သုံးသပ်ချက်ကို အတိအကျ ပြန်ဖြေ မသွားဘဲ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားဖြစ်စေတဲ့ အရင်းခံ အခြေအနေတွေအပေါ် အမေရိကန်အနေနဲ့ အထူးစိုးရိမ်တယ်လို့ပဲ ပြောသွားပါတယ်။

XS
SM
MD
LG