သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံးငွေရတု အမျိုးသားသင့်မြတ်ရေးဦးတည်


၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး။
၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီး။
၁၉၈၈ အရေးတော်ပုံကြီး ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို နှစ်ပေါင်း ၂၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုသော ခေါင်းစဉ်အောက်ကနေပြီး ၈၈ အရေးတော်ပုံကြီးမှာ လှုပ်ရှားခဲ့တဲ့ မျိုးဆက်တွေက အားလုံးပါဝင် ကျင်းပမှာဖြစ်တယ်လို့ ကျင်းပရေးကော်မတီ က တာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ပြည်တွင်းပြည်ပ က အဖွဲ့အစည်းပေါင်း ၂၅ ခု လောက်က စုပေါင်းပြီး ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုအတွက် အကြိုပြင်ဆင်မှု နဲ့ပတ်သက်ပြီး ၈၈ ပွင့်လင်းရုံးခန်းမှာ ပြုလုပ်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ခဲ့အပြီး ၂၅ နှစ် တင်းတင်းပြည်မယ့်နေ့မှာ ကျင်းပမယ့် ငွေရတု အခမ်းအနားကို အမျိုးသားပြန်လည် သင့်မြတ်ရေး ရည်ရွယ်ချက်ကို အဓိက ထားပြီး ကျင်းပသွားမှာ ဖြစ်ပြီးတော့ အဲဒီနေ့မှာပဲ ပြည်တွင်းမှာရှိနေတဲ့ ၈၈ အင်အားစုတွေရော၊ ပြည်ပနဲ့ အကျဉ်းထောင် အသီးသီးက လွတ်မြောက်လာတဲ့ နိုင်ငံရေး အင်အားစုတွေ စုဆုံကြမှာဖြစ်တယ်လို့ ကျင်းပရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကိုဌေးကြွယ် က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

“နိုင်ငံကို ဘယ်လိုပြန်လည်ပြီးတော့ တည်ဆောက်မလဲ၊ နိုင်ငံအတွက်ကို ကျနော်တို့ မျိုးဆက်တွေဟာ ဘယ်လောက်အထိ ရည်ရွယ်ထားပြီလဲ။ နိုင်ငံရဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်မှာ၊ ကျနော်တို့နိုင်ငံမှာ၊ ကျနော်တို့ လူ့အဖွဲ့အစည်းထဲမှာ ပျောက်ဆုံးသွားတဲ့ ယုံကြည်မှုတွေ၊ တန်ဖိုးတွေကို ကျနော်တို့ ဘယ်လို ပြန်လည်တည်ဆောက်မလဲ ဆိုတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရည်ရွယ်ချက်နဲ့ ကျနော်တို့ စုစည်းခြင်းဖြစ်ပါတယ်။ ဒီပွဲကို ၂၅ နှစ်အကြာမှာ ကျနော်တို့ စတင်ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ပထမဦးဆုံးအကြိမ် စုစည်းခြင်းဖြစ်ပါ တယ်။ ၈၈ ကနေစပြီးတော့ သမိုင်းတောက်လျှောက်မှာ ကျနော်တို့ ဖြတ်သန်း ခဲ့တာတွေ၊ ကျနော်တို့ ထောင်တွေထဲမှာ တောတွေထဲမှာ နိုင်ငံတကာ မှာ ပြည်တွင်းရဲ့ကဏ္ဍအသီးသီးမှာ၊ နယ်ပယ်အသီးသီးမှာ ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဖြတ်သန်းမှုတွေကို၊ အဲဒီဖြတ်သန်းမှုတွေနဲ့အတူ ကျနော်တို့မျိုးဆက်တွေ အားလုံး ပြန်လည်ပြီး စုဆုံကြမှာဖြစ်ပါတယ်။”

စစ်အစိုးရ အုပ်ချုပ်စဉ်တုန်းက ရှစ်လေးလုံးနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့ပြီးတော့ အခု ကျရောက်မယ့် ငွေရတု အခမ်းအနားမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးအတွင်းမှာ ကျဆုံးခဲ့တဲ့ သူတွေရဲ့ သမိုင်းတွေကိုပါ မှတ်တမ်းတင် ပြုစုမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုဌေးကြွယ်က ပြောပါတယ်။

ရှစ်လေးလုံး အင်အားစုတွေနဲ့ပတ်သက်ပြီး အစိုးရ အဆက်ဆက်က ရှစ်လေးလုံး ကျင်းပရင် အဖျက်အမှောက် လုပ်ဖို့လု့ိ ရှုမြင်ခဲ့ရာကနေ ၂၄ နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား ကျင်းပစဉ်မှာ အစိုးရက အလှူငွေ လာထည့်တဲ့ ဖြစ်စဉ်လည်း ရှိခဲ့တဲ့အတွက် ရှစ်လေးလုံး ကို သမိုင်းအဖြစ် အသိအမှတ် ပြုလိုက်ရာလည်း ကျတဲ့အကြောင်း ရှစ်လေးလုံး ငွေရတု ကျင်းပရေးကော်မတီက ဦးကိုကိုကြီး ကပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် ၂၄ နှစ်မြောက် အခမ်းအနားမှာ နိုင်ငံတော်အဆင့်ဝန်ကြီးတွေ တက်လာတယ်။ ကျနော်တို့ ဒီအခမ်းအနားမှာ အလှူငွေပေးအပ်တယ်ဆိုတာဟာ ဒီ ရှစ်လေးလုံး လှုပ်ရှားမှုကြီးကို အရေးပါတဲ့ သမိုင်းအချိုးအကွေ့အဖြစ် နဲ့ နိုင်ငံတော်အဆင့် အသိအမှတ်ပြုတဲ့ အဆင့်တဆင့်ကို ကျနော်တို့ ရောက်ခဲ့တယ်။”

ငွေရတု တိုင်ခဲ့ပြီဖြစ်တဲ့ ရှစ်လေးလုံး ၂၅ နှစ်ပြည့်ကို ပြည်တွင်းပြည်ပက အဖွဲ့အစည်း ၂၀ ကျော်နဲ့ ခမ်းခမ်းနားနား ကျင်းပမှာဖြစ်တယ်လို့လည်း ကျင်းပရေးကော်မတီဝင်တွေက ပြောပါတယ်။ ပြည်တွင်းမှာအခြေစိုက်တဲ့ ၈၈ ပွင့်လင်း လူမှုအဖွဲ့အစည်း နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ ပြည်ပမှာ အခြေစိုက်နေသေးတဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ AAPP နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရပ်တစ်တပ်ဦး (ABSDF) တို့လို ထင်ရှားတဲ့အဖွဲ့အစည်းတွေလည်း ပါဝင်လာကြတာဖြစ်ပါတယ်။

ဒီ ၂၅ နှစ်ပြည့် ရှစ်လေးလုံး အခမ်းအနားကြီးဟာ ဖြစ်ရပ်အဟောင်းတွေ ကို ပြန်ပြီး ပြောနေတာတင် မကဘဲ သမိုင်းမှတ်တိုင်အသစ်တွေကို စိုက်ထူနိုင်တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်အောင် ကျင်းပဖို့ရှိတယ်လို့လည်း ကိုဌေးကြွယ်က ပြောပါတယ်။

“ဒီလိုဆုံတွေ့ပွဲဟာ မြန်မာနိုင်ငံရဲ့အတိတ်ကိုချည်းပဲ ကျနော်တို့ ပြန်လည်ပြီးတော့ သွားနေမှာမဟုတ်ဘူး။ အနာဂတ်အတွက် ကျနော်တို့ ရည်ရွယ်ပြီးတော့ ဆုံစည်းခြင်းဖြစ်ပါတယ်။”

လက်ရှိအချိန်မှာတော့ ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပဖို့ အလှူငွေ ကျပ်သိန်းပေါင်း ၈၀၀ လောက် လိုအပ်နေပြီး ပြီးခဲ့တဲ့နှစ်က လက်ကျန်ငွေဟာ ကျပ် ၁၀၇ သိန်း ရှိတယ်လို့ ဘဏ္ဍာရေးကော်မတီက ပြောပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ငွေတွေကို အလှူခံဖို့ရှိပြီးတော့ ပြည်ပကနေ ပြန်လာမယ့် အင်အားစုတွေအတွက်ကိုလည်း ပြည်ဝင်ခွင့်ကအစ နေထိုင်ရေးအတွက်ပါ ကျင်းပရေးကော်မတီက ဆောင်ရွက်ပေးဖို့ရှိတယ်လို့လည်း ကျင်းပရေးကော်မတီက ပြောခဲ့တာပါတယ်။
XS
SM
MD
LG