သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု လူ ၁၀၀၀ ကျော် တက်ရောက်


၁၃၀၀ ပြည့်အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနား ရန်ကုန်မှာ ကျင်းပပြုလုပ်နေစဉ် (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၂ ဇန်နဝါရီ ၂၀၁၄
၁၃၀၀ ပြည့်အရေးတော်ပုံ နှစ်ပတ်လည်အခမ်းအနား ရန်ကုန်မှာ ကျင်းပပြုလုပ်နေစဉ် (ဓာတ်ပုံ-ဗွီအိုအေမြန်မာပိုင်း) ၂၂ ဇန်နဝါရီ ၂၀၁၄
မြန်မာနိုင်ငံ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုကာလ ၁၃၀၀ ပြည့် အရေးတော်ပုံဟာ မြန်မာ့လွတ်လပ်ရေးအတွက် အရေးကြီးတဲ့ ရှေ့ပြေး ခြေလှမ်းတရပ်ဖြစ်တာမို့၊ ဒီ သမိုင်းကို ထိန်းသိမ်းထားဖို့ နောက်မျိုးဆက်တွေ သိရှိနိုင်ဖို့ အရေးကြီးတယ်လို့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနား စီစဉ်ကျင်းပသူတွေက ပြောပါတယ်။

ဒါကြောင့်လည်း ဒီနေ့ကို အမှတ်တရဖြစ်အောင် ရန်ကုန်၊ မန္တလေး အပါအဝင် နေရာအတော်များများမှာ ဒီနှစ်အတွင်း စီစဉ်ပြုလုပ်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ မင်းဓမ္မလမ်း MCC ခန်းမမှာ ဒီကနေ့ ကျင်းပတဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသားညွန့်ဦးက ရန်ကုန်ရုံးကနေ သတင်းပေးပို့ထားပါတယ်။

၁၉၃၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံဟာ ရေနံမြေအလုပ်သမား အခွင့်အရေးအတွက် အလုပ်သမားတွေ လှုပ်ရှားမှုနဲ့စတင်တဲ့ သပိတ်မှောက် ဆန္ဒပြမှု ဖြစ်ပါတယ်။ အဲဒီကနေ ကျောင်းသားလှုပ်ရှားမှုနဲ့ဆက်စပ်ပြီး အခြား သံဃာတော်တွေ၊ လယ်သမားတွေ၊ ပြည်သူတွေပါ ပူးပေါင်းပါဝင်လာတဲ့ ကိုလိုနီခေတ်မှာဆိုရင် အကြီးမားဆုံး လူထုလှုပ်ရှားမှုတရပ် ဖြစ်ခဲ့တာပါ။

ဒါကြောင့် ရန်ကုန်မှာလုပ်တဲ့ ၁၃၀၀ပြည့် စိန်ရတုအခမ်းအနားမှာလည်း အလုပ်သမား၊ လယ်သမား အခွင့်အရေး၊ ကျောင်းသားသမဂ္ဂ ရပ်တည်ရေး၊ တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ သွေးစည်းညီညွတ်ရေး ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ လုပ်ဆောင်သွားတာ တွေ့ရပါတယ်။ အခု ၁၃၀၀ ပြည့် အရေးတော်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ပထမအဆင့် ခြေလှမ်းဖြစ်တယ်လို့ ရန်ကုန် စိန်ရတုအခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင်တဦးဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်က ဗွီအိုအေကို ပြောပါတယ်။

“အလုပ်သမား၊ လယ်သမား လူတန်းစားတွေအတွက်ကို အဓိထားပြီးတော့ ကျင်းပတဲ့ပွဲပါ။ ပြီးတော့ မန္တလေးမှာလည်း ကျမတို့က ကျင်းပဦးမယ်။ ကျမတို့က ဒီ ၁၃၀၀ ပြည့်နဲ့ပတ်သက်ရင်တော့ ပွဲတွေအကုန်လုံး လိုက်တက်ဖြစ်နေတာပဲ။”

မေး။ ။ အခုက မကြည်ဖြူသျှင်က ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ဖို့ထဲမှာလည်း ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ သမိုင်းမှာ နက်နက်နဲနဲရှိလဲ။ မကြည်ဖြူသျှင်ရဲ့အမြင်လေးပေါ့။

“ကျမတို့ ဗိုလ်ချုပ်သမိုင်းကြောင်းကို ဖတ်တဲ့အခါမှာ ၁၃၀၀ ပြည့် အရေးတော်ပုံရဲ့ အရေးပါပုံကိုပါ ကျမတို့ တွေ့မြင်လာရတယ်။ ပြောမယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ အရေးတော်ပုံကြီး ၂ ခုပဲရှိတယ်။ တနိုင်ငံလုံး အုံကြွတာမျိုးဆိုရင် ၁၃၀၀ ပြည့်ရယ်၊ ဒီ ၈၈ ရယ်ပေါ့။ ၁၃၀၀ ပြည့်က အလုပ်သမားတွေက စခဲ့တာဆိုပေမဲ့ အဲ့ဒီအလုပ်သမားတွေ စတဲ့နောက်မှာ တို့ဗမာအစည်းအရုံးက နိုင်ငံရေးအင်အားစုတွေလည်း ပူးပေါင်းပါဝင်တယ် အင်အားဖြည့်တယ်။ အဲ့ဒီကနေမှ တနိုင်ငံလုံး အုံကြွမှုဖြစ်သွားတယ်ပေါ့။ ဒီ ၁၃၀၀ ကိစ္စကိုပဲပြောရင် လွတ်လပ်ရေးရဖို့အတွက် ပထမအဆင့် ခြေလှမ်းပဲ။ အဲ့ဒီကနေမှတဆင့် တနိုင်ငံလုံး အင်အားကြီး အရမ်းကြီးသွားတာ။ ဆိုတော့ တကယ်ကို တိုင်းပြည်အတွက် အရေးပါသော အနှစ်သာရပြည့်ဝသော ပွဲကြီးတပွဲဆိုတာကို ကျမတို့ စာတွေဖတ်တဲ့အတွက်ကြောင့် သိရပါတယ်။”

အခမ်းအနားမှာတော့ အလုပ်သမားရေးနဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စာတမ်းဖတ်ပွဲလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သူရဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင် တို့လည်း တက်ရောက်ပြီး အမှာစကား ပြောခဲ့ကြပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတွင်း လူ့အလွှာအားလုံး အဖွဲ့အစည်းအားလုံး စုစည်းပါဝင်တဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေးအတွက် သွေးစည်းမှုပြယုဒ် ဖြစ်တယ်လို့ ၁၃၀၀ ပြည့် အရေးတော်ပုံအချိန် ကျောင်းသားငယ်တဦးအနေနဲ့ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူ သူရဦးတင်ဦးက ပြောပါတယ်။

“၁၃၀၀ ပြည့် အရေးတော်ပုံကြီးဟာ အင်မတန်ကြီးမားတဲ့ အားလုံး တို့ဗမာအစည်းအရုံးက ပုဂ္ဂိုလ်တွေရော၊ သခင်တွေရော၊ ကျောင်းသားတွေရော၊ ရဟန်းရှင်လူတွေရော၊ လယ်သမားတွေရော အတော်လေးကို ပြန့်ပွားလာတာ နောက်ဆုံး စုပေါင်းလာတဲ့အင်အားဟာ ရန်ကုန်ရောက်တဲ့အခါမှာ အင်မတန်မှ ကြီးထွားလာတယ်။ အဲ့ဒီလိုဖြစ်ခဲ့တဲ့ကိစ္စဟာ ဗမာ့လွတ်လပ်ရေးအတွက် ကြီးမားသော မှတ်တိုင်ကြီးတခုအနေနဲ့ လှုပ်ရှားလာတာဖြစ်တယ်ဆိုတာကိုလည်း နောက်ဆုံး ကျနော်တို့ အသက်တွေ ကြီးရင့်တဲ့အခါကျမှ သိရတာဖြစ်ပါတယ်။”

၁၃၀၀ ပြည့် စိန်ရတုအခမ်းအနားကို အခု ရန်ကုန်မှာလုပ်သလိုပဲ မန္တလေးမြို့မှာလည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့စပြီး ခမ်းခမ်းနားနား လုပ်သွားဖို့ စီစဉ်ထားကြပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ မန္တလေး အာဇာနည် ၁၇ ဦး အထိမ်းအမှတ်နေရာမှာ ဂုဏ်ပြုကျောက်စာဖွင့်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရလက်ထက် တလျှောက်လုံး အကျဉ်းချုံးပြီး ပြုလုပ်လာခဲ့ရာကနေ အခုမှ ပြန်ပြီး ပထမဆုံးအကြိမ် တခမ်းတနား ကျင်းပကြမှာ ဖြစ်တယ်လို့ မန္တလေး ဖြစ်မြောက်ရေး ကော်မတီက ဦးသိန်းတန်က ဗွီအိုအေကို ပြောပါတယ်။

“ဒီ ၁၃၀၀ ပြည့် အရေးတော်ပုံမှာ ကျဆုံးတာ ၃၂ ဦးရှိပါတယ်။ ကျနော်တို့ မန္တလေးကဆိုရင် ၁၇ ဦးတောင်ကျပါတယ်။ ၁၇ ဦးတောင် ကျတဲ့အထဲမှာမှ သံဃာတော်တွေလည်း ပါတယ်ပေါ့နော်။ ဒီဟာကြီးကို ကျနော်တို့ နှစ်စဉ်နှစ်တိုင်း လုပ်လာခဲ့တာ ကျနော်တို့ ၈ လေးလုံး အရေးတော်ပုံကြီး ပြီးသွားတဲ့အခါမှာ ၈၉ ခုနှစ်ကျတော့ အဲ့ဒါတွေကို ချိတ်ပိတ်သွားတယ်။ ၂၃ နှစ်လုံးလုံး ကျနော်တို့ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောထ နေတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ စိမ်းရောင်စုံက လူငယ်တွေပါတယ်၊ ဗကသကျောင်းသားတွေပါတယ်၊ နောက်ပြီးတော့ NLD လူငယ်တွေပါ ပေါင်းပြီးတော့မှ ကျနော်တို့ ၁ လလုံးလုံး ကျနော်တို့ဘာသာ ဒါတွေကို ရှင်းရတယ်။”

ရန်ကုန်မှာလုပ်တဲ့ ဒီကနေ့ အခမ်းအနားကိုတော့ နိုင်ငံရေးအဖွဲ့အစည်း တတ်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားလူငယ်တွေ တစ်ထောင်ကျော် တက်ရောက်တာ တွေ့ရပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလ မှတ်တမ်းဓာတ်ပုံတွေနဲ့ ဒီအရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေအကြောင်း ဓာတ်ပုံမှတ်တမ်း ပြပွဲတရပ်ကိုလည်း အခမ်းအနားဘေးမှာ ပြုလုပ်ထားပါတယ်။
XS
SM
MD
LG