သုံးရလွယ်ကူစေသည့် Link များ

Katrina ဟာရီကိန်း ၁၀နှစ်ပြည့် သမ္မတဟောင်းတွေ တက်ရောက်မည်


အမေရိကန်သမ္မတ Barack Obama New Orleansမြို့က မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို မိန့်ခွန်းပြော။ (သြဂုတ် ၂၇၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု တောင်ပိုင်း New Orleans မြို့မှာ လူတွေထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ Katrina ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်တာ ခံခဲ့ရတဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမေရိကန် သမ္မတဟောင်း George W. Bush ဒီကနေ့ New Orleans မြို့မှာ မိန့်ခွန်းစကား ပြောကြားဖို့ ရှိနေပါတယ်။

မနေ့က ကြာသပတေးနေ့တုန်းကလည်း လက်ရှိ သမ္မတ ဘရက်အိုဘားမား New Orleans မြို့ကို သွားရောက်ခဲ့ပြီးတော့ လူပေါင်း ၁၈၀၀ သေဆုံးပြီး အိမ်ခြေ ၁ သိန်း ပျက်စီးခဲ့ရတဲ့ Katrina မုန်တိုင်း တိုက်ခတ် ခံရပြီးတဲ့နောက်ပိုင်း မြို့ ပြန်လည် ထူထောင်ရေး ကြိုးပမ်းခဲ့ကြတဲ့ ပြည်သူပြည်သားတွေကို ချီးကျူးစကား ဆိုရင်း ဒေသခံတွေနဲ့ တွေ့ဆုံ နှုတ်ဆက် ခဲ့ပါတယ်။

ဟာရီကိန်းမုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့ရတဲ့ Lower Ninth Ward ရပ်ကွက်က အသစ်ပြန်လည်ဖွင့်လှစ်ထားတဲ့ လူထုစင်တာတခုမှာလည်း သမ္မတ အိုဘားမား မနေ့က မိန့်ခွန်း ပြောခဲ့ပါတယ်။ ရေကြီးမှုဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီးတဲ့နောက်ပိုင်း မြို့ ပြန်လည် ထူထောင်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်လာအောင် ထူးထူးခြားခြား ဆောင်ရွက်နိုင်ခဲ့တဲ့အပေါ်မှာ သမ္မတ အိုဘားမားက မီးမှောင်းထိုး ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်းမတိုင်ခင်မှာတော့ သမ္မတ အိုဘားမားဟာ New Orleans မြို့တော်ဝန်နဲ့အတူ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က Katrina ဟာရီကိန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေ အများစု နေထိုင်ရာ သမိုင်းဝင် ထရင်းမေ (Treme) ရပ်ကွက်ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

Katrina မုန်တိုင်းကြောင့် ထိခိုက် ပျက်ဆီးဆုံးရှုံးမှု ပမာဏ ဒေါ်လာ ၁၃၅ ဘီလျံ ကျော် ရှိခဲ့ပြီး ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့တဲ့ သဘာဝ ဘေးအန္တရယ် ကျရောက်မှုကြီးပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG