သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charlie Hebdo နှစ်ပတ်လည် ပါရီ ရဲစခန်းရှေ့ ပစ်ခတ်မှုဖြစ်


Charlie Hebdo မဂ္ဂဇင်းတိုက်ကို အစ္စလာမ် အစွန်းရောက်တွေ တိုက်ခိုက်ခဲ့တဲ့ တနှစ်ပြည့်တဲ့ ဒီနေ့မှာပဲ ပါရီမြို့က ရဲစခန်းကို တိုက်ခိုက်ဖို့ ကြိုးစား။ (ဇန်နဝါရီ ၇၊ ၂၀၁၆)
Charlie Hebdo မဂ္ဂဇင်းတိုက်ကို အစ္စလာမ် အစွန်းရောက်တွေ တိုက်ခိုက်ခဲ့တဲ့ တနှစ်ပြည့်တဲ့ ဒီနေ့မှာပဲ ပါရီမြို့က ရဲစခန်းကို တိုက်ခိုက်ဖို့ ကြိုးစား။ (ဇန်နဝါရီ ၇၊ ၂၀၁၆)

ပြင်သစ်နိုင်ငံက သရော်စာတွေ ရေးသားတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက်ကို အစ္စလာမ် အစွန်းရောက်တွေ တိုက်ခိုက်ခဲ့တာ တနှစ်ပြည့်တဲ့ ဒီနေ့မှာပဲ ပါရီမြို့က ရဲစခန်းကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့သူတယောက်ကို ရဲက အသေပစ်ခတ် ဖမ်းဆီးလိုက်ပါတယ်။ ရဲစခန်းကို ချဉ်းကပ်လာသူဟာ ဓားတချောင်းနဲ့ ကိုယ်ပေါ်မှာလည်း ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်လာပုံ ရတဲ့ အကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုခဲ့တာပါ။

ရဲတွေက အသေပစ်ခတ် ဖမ်းဆီးမခံရမီ အစ္စလာမ်ဘာသာဝင်တွေ ဘုရားသခင်ကို ဆုတောင်းသလို အော်ဟစ်ကြွေးကြော်ခဲ့ပုံ ရတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Pierre-Henri Brandet က ပြောပါတယ်။ အခင်းဖြစ်ပွားခဲ့တာ နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ Charlie Hebdo မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရချိန်မှာ ပြင်သစ်လူထုကို ကာကွယ်ရင်း သေဆုံးခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးအတွက် ကျင်းပတဲ့ အောက်မေ့ဖွယ် အခန်းအနားပွဲကို တက်ရောက်ခဲ့တဲ့ ပြင်သစ်သမ္မတ Francois Hollande ကတော့ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်တွေအတွက် လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်အသစ်တွေ ဒီကနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။

ရဲအရာရှိတွေ အနေနဲ့ အခုကစလို့ တာဝန်ချိန် ပြင်ပမှာလည်း လက်နက် ကိုင်ဆောင်ခွင့်ရမှာ ဖြစ်တဲ့အကြောင်း ပြင်သစ်သမ္မတက ပြောဆိုခဲ့သလို၊ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားကိုလည်း ၅ ထောင် တိုးမြှင့်ဖို့ ကတိပေးခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အောက်မေ့ဖွယ် အခန်းအနား အတွင်းမှာတော့ အကြမ်းဖက်သမားတွေကို လိုက်လံချေမှုန်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း သမ္မတ Hollande က ချီးကျုးစကား ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG