သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး ၂၄ နှစ်ပြည့် အခမ်းအနား


မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏရာမကျောင်းတိုက်တွင် ကျင်းပသော ရှစ်လေးလုံး ၂၄ နှစ်ပြည့်အခမ်းအနားမြင်ကွင်း။ (၀၈၊၀၈၊၂၀၁၂။)
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏရာမကျောင်းတိုက်တွင် ကျင်းပသော ရှစ်လေးလုံး ၂၄ နှစ်ပြည့်အခမ်းအနားမြင်ကွင်း။ (၀၈၊၀၈၊၂၀၁၂။)
ရှစ်လေးလုံး ၂၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းနားတွေကို ဒီကနေ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေ အပြင် မြန်မာနိုင်ငံအတွင်းက မြို့ အတော် များများမှာ ကျင်းပခဲ့ကြပါတယ်။ အရင်နှစ်တွေက မြန်မာနိုင်ငံအတွင်းမှာ ကျင်းပတဲ့ နှစ်ပတ်လည်ပွဲတွေမှာ တားဆီးကန့်သတ်မှုတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အားလုံး အဆင်ပြေ ချောမွေ့စွာနဲ့ ပြီးစီးသွားတယ်လို့ အခမ်းအနားကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

(ကမ္ဘာမကျေဘူး-ငါတို့သွေးနဲ့ ရေးခဲ့ရတဲ့ မော်ကွန်းတွေ…..)

တင်းကျပ်ပိတ်ဆို့မှုတွေနဲ့ တပါတီ အာဏာရှင်စံနစ်အောက်မှာ ၂၆ နှစ်လုံးလုံး ပြားပြားဝပ် ဖိနှိပ် အုပ်ချုပ်ခံရပြီးတဲ့နောက် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ ၈ ရက်၊ ၈ လ၊ ၈၈ ရက်နေ့ မှာ ကျောင်းသား လူငယ်တွေက ဦးဆောင်ပြီး လမ်းမတွေပေါ်ထွက် ဒီမိုကရေစီ အရေး၊ နိုင်ငံရေး စံနစ် ပြောင်းလဲ ပေးရေးတို့အတွက် ငြိမ်းချမ်းစွာ စတင် ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ နှစ်ပတ်လည်ပွဲတွေကို ရန်ကုန်နဲ့ မန္တလေးလို့ မြို့ကြီးတွေမှာ စည်စည်ကားကား ကျင်းပခဲ့ကြသလိုပဲ တခြား မြန်မာပြည်အတွင်းက မြို့နယ်တွေ၊ ပြည်ပရောက်နေကြတဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေလည်း ရှစ်လေးလုံး ၂၄ နှစ်ပြည့် နှစ်ပတ်လည်ပွဲတွေကို ကျင်းခဲ့ကြတာပါ။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ကျင်းပတဲ့ နှစ်ပတ်လည်ပွဲကိုတော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်ပြီး လွှတ်လပ်ရေး အကြို ကာလက စလို့ ခေတ်ပြောင်းတော်လှန်ရေးတိုင်းမှာ ကျောင်းသား လူငယ်တွေ ဦးဆောင်ပါဝင်တဲ့ အခန်းကဏ္ဍတွေအပါအဝင် ၈၈ လေးလုံး အရေးတော်ပုံရဲ့ အရးပါပုံတွေကို ပြောကြားခဲ့တာပါ။

“ဒါက သမိုင်းဝင်ပေါ့နော်။ အင်မတန်မှ ကြီးကျယ်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုကနေ ပေါက်ဖွားလာတဲ့ အတွက် အင်မတန် ဂုဏ်သိက္ခာရှိတဲ့ အကြောင်းဖြစ်ပါတယ်။ တပါတီ အာဏာရှင်စံနစ်ကို ရဲရဲ ဝံ့ဝံ့ပေါ့နော်- ကိုယ်ကျိုးမဖက်၊ အသက်စွန့် အနစ်နာခံပြီး လုပ်ခဲ့တဲ့ ကျနော်တို့နိုင်ငံအတွက် ကြီးမားတဲ့ ဆောင်ရွက်မှုတွေ ဖြစ်ခဲ့တယ်ပေါ့။ ၈၈ မျိုးဆက်များ လုပ်ကိုင်ခဲ့တဲ့ အရှိန်အဝါဟာ မကုန်ဆုံးသေးဘူး၊ မပြီးဆုံးသေးဘူး၊ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စရပ်အဝဝအထိ ပါရှိတယ်၊ အလေးအနက်ပြုတယ်--”

မန္တလေးမြို့မှာကျင်းပတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ နှစ်ပတ်လည်ပွဲ အခမ်းအနားဖြစ်မြောက်ရေးကို ဦးဆောင်စီစဉ်သူ ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုပြုံးချိုကတော့ ရှစ်လေးလုံးရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်တွေဟာ ဒီကနေ့အထိ ရှင်သန်နေတုန်းပဲလို့ ပြောပါတယ်။

“ဒီအရေးတော်ပုံကြီးကနေပြီးတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိအတွက်၊ တိုင်းပြည် ပြုပြင်ပြောင်း လဲမှုအတွက် ပြည်သူတရပ်လုံး ပါဝင်ဆင်နွဲခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်တယ်။ ဒါကြောင့် ဒီ အရေးတော်ပုံကြီး ၂၄ နှစ်တာ ကြာမြင့်ခဲ့ပေမဲ့ ကျနော်တို့ရဲ့ အဲဒီခေတ်၊ အဲဒီကာလကနေ ရည်မှန်းခဲ့ တဲ့ ရည်မှန်းချက်တွေကို ဆက်လက်ပြီး အကောင်အထည် ဖော်ကြမယ်၊ အဲဒီ အကောင် အထည် ဖော်တဲ့အခါမှာလည်း ညီညီညွတ်ညွတ်နဲ့ ဒေသအသီးသီးကနေပြီး အခုလို ပါဝင် ပူးပေါင်း ဖြတ်သန်းခြင်းမျိုးနဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်နိုင်အောင် ကျနော်တို့ ဆွေးနွေးခဲ့ကြ ပါတယ်။ ဒါကြောင့်မို့လို့ ဒီ အရေးတော်ပုံကြီးဟာ နှစ်တွေ ကြာမြင့်ခဲ့ပေမဲ့လို့ ခုအချိန်၊ အခု ကာလ အထိ ရည်မှန်းချက်တွေ၊ ကျနော်တို့ရဲ့ ဦးတည်ချက်တွေဟာ အရင်အတိုင်း ၂၄ နှစ်ကြာ ဖြတ်သန်း ခဲ့တဲ့ အရင်တုန်းက မူဝါဒတွေအတိုင်း ဆက်လက် သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

တကယ်တော့ ဒီနှစ်ကျင်းပတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်ပွဲဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အကျဉ်းထောင် အသီးသီးမှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရက ပြန်လွတ်မြောက်လာကြပြီးနောက်မှာ ပထမဆုံး ကျင်းပခွင့်ရတဲ့ နှစ်ပတ်လည်ပွဲ တခုဖြစ်သလို အရင်နှစ်တွေနဲ့မတူဘဲ လွတ်လပ်မှု အတိုင်းအတာ တခုအထိရှိခဲ့တဲ့ ပွဲတပွဲလည်းဖြစ်တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။

“မနှစ်ကတော့ ကျနော်တို့က အကျဉ်းထောင်တွေအသီးသီးမှာပဲ ရောက်ရှိနေသေးတဲ့အတွက် အခုလို စုံစုံညီညီ မလုပ်နိုင်ခဲ့ဘူး။ အကန့်အသတ်တွေ၊ စောင့်ကြည့်မှုတွေ၊ နောက်ပြီးတော့ သံသယတွေ၊ စိုးရိမ်မှုတွေများတယ်။ အခုလို စုစုစည်းစည်း လုပ်နိုင်ခဲ့တာ ဒီပွဲက ပထမစတဲ့ ပွဲဖြစ်တယ်။ အဲဒီတော့ ဒီပွဲကစပြီးတော့ ရှေ့လျှောက်မှာ အားလုံး ညီညီညွတ်ညွတ် လုပ်နိုင်ဖို့အတွက်၊ ကျနော်တို့ အချင်းချင်း နွေးထွေးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရတဲ့အတွက် အရင်ကထက် ပိုပြီးတော့ အရှိန်ပါပါ၊ ရည်ရွယ်ချက်ရှိရှိ အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်လို့ ယူဆပါတယ်။”

ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်ပွဲ ၂ ခုစလုံးမှာ ဒီမိုကရေစီအရေးတော်ပုံအတွင်း အသက်ပေး စတေးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်တွေအားလုံးကို ရည်စူးပြီးတော့ သံဃာတော်တွေကို ဆွမ်းကပ်လှု၊ အမျှပေးဝေခဲ့ကြပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ အခမ်းအနားကို NLD ပါတီက နာယကကြီး ဦးတင်ဦးအပြင်၊ NLD သဘာပတိ အဖွဲ့ဝင်လည်းဖြစ်၊ ဝါရင့် သတင်းစာ ဆရာကြီးလည်းဖြစ်တဲ့ ဦးဝင်းတင်၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီဝင်တွေ၊ Generation Wave မျိုးဆက်သစ်လူငယ်များနဲ့ ဧည့်ပရိတ်သတ် တထောင်ကျော် တက်ရောက်ခဲ့သလို၊ မန္တလေးမှာ ကျင်းပတဲ့ အခမ်းအနားကိုလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပြင် နယ်အသီးသီးက ကိုယ်စားလှယ်တွေ၊ ဗကသများ အဖွဲ့ချုပ်က မျိုးဆက်သစ် ကျောင်းသားလူငယ်တွေနဲ့ ဧည့်ပရိတ်သတ် တထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်ခင်ဗျား။

သီချင်း . . . . . . . . . . . . .
XS
SM
MD
LG