သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေးပြောင်းလဲဖို့ မျက်နှာဖုံးစွပ်လူငယ်တွေ ဆက်ဆန္ဒပြမည်


မြန်မာနိုင်ငံမှာ စစ်ကျွန်ပညာဆန့်ကျင်ရေးနဲ့ စစ်အုပ်ချုပ်ရေး အလိုမရှိ ဆိုတဲ့ လှုပ်ရှားမှုတွေကို တိုင်းနဲ့ပြည်နယ် ဒေသအနှံ့အပြားမှာ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ Anonymous-Burma အမည်မသိ မျက်နှာဖုံးစွပ် လူငယ်များအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။

သူတို့အဖွဲ့ဟာ အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းမှာ မျက်နှာဖုံးတွေစွပ်ပြီး ဆန္ဒပြခဲ့ကြတာပါ။ သူတို့ ဘာကြောင့် မျက်နှာဖုံးတွေစွပ်ပြီး ဆန္ဒပြတောင်းဆိုကြသလဲ၊ ဆန္ဒပြပြီးနောက်ပိုင်း အခြေအနေတွေကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခုအဖြစ် ဆန္ဒပြခွင့်ကို ဥပဒေအကြောင်းအရ တရားဝင် ခွင့်ပြုထားချိန်မှာ မျက်နှာဖုံးစွပ် ဆန္ဒပြ လူငယ်တချို့ဟာ စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေး အလိုမရှိ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့ မြေနီကုန်း ဒဂုံစင်တာအနီး ယာဉ်သွားလမ်းမပေါ်မှာ ရုတ်တရက် ဆန္ဒပြခဲ့ကြတာပါ။ သူတို့ဟာ ဆန္ဒပြဖို့ ခွင့်ပြုချက်မယူခဲ့ဘဲ မျက်နှာဖုံးစွပ်ပြီး ပြခဲ့တာဖြစ်ကြောင်း ဆန္ဒပြခဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“မျက်နှာဖုံးတပ်ရခြင်း အကြောင်းရင်းကို ပြောမယ်ဆိုရင် ကျနော်တို့ Anonymous ဆိုပြီးတော့မှ နာမည်ခံထားတာပေါ့နော်။ ဒါက အမည်မသိတဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှု၊ အဲ့လိုမျိုး ဘာကြောင့် နာမည်ခံထားသလဲဆိုရင် အခု ဦးသိန်းစိန်အစိုးရပေါ့နော် အဲ့ဒါကိုလည်း ကျနော်တို့က လုံး၀ သဘောမကျဘူး။ လက်ရှိ အခြေအနေကိုလည်း ကျနော်တို့ လက်မခံနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဒီအစိုးရကိုလည်း ကျနော်တို့ မယုံဘူး။ ကျနော်တို့က စစ်အစိုးရလို့ပဲ ပြောချင်တယ်။ ဒီမျက်နှာဖုံးတွေ တပ်ထားရတာကလည်း ကျနော်တို့ရဲ့ လုံခြုံရေးအရဖြစ်တယ်။ နောက်တခုက ကျနော်တို့ လှုပ်ရှားမှု တခုခု လုပ်ပြီဆိုလို့ရှိရင် အမြတ်ထုတ်ပြီးတော့ နိုင်ငံရေးမှာ ဦးစီးဦးဆောင် လုပ်လာမှာကို ကျနော်တို့ မကြိုက်ဘူး။ မကြိုက်တဲ့အတွက် ကျနော်တို့က မျက်နှာဖုံးတွေ တပ်ထားပြီးတော့မှ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းမှ မဟုတ်ဘူးဆိုပြီးတော့ ကျနော်တို့က လှုပ်ရှားတာ ဖြစ်ပါတယ်။”

မေး။ ။ ဆန္ဒပြတဲ့အခါမှာ မီးရှို့ပြီး ဆန္ဒပြတာမျိုးကျတော့ရော ဘာကြောင့်လုပ်တာပါလဲ။

ဖြေ။ ။ “အဓိက မီးရှို့တယ်ဆိုတာ ကျနော်တို့က လူထုကို ထိတ်လန့်စေဖို့လည်း မဟုတ်ဘူး။ တချို့တချို့ပြောနေတာရှိတယ်။ ကျနော်တို့က လူထုကို ထိတ်လန့်စေတယ်၊ ဒါ အကြမ်းဖက်တယ်လို့ ပြောတယ်။ မီးရှို့တယ်ဆိုတာ ကျနော်တို့က အိမ်တွေကို မီးရှို့တာမဟုတ်ဘူး။ သပိတ်စခန်းတွေကိုလည်း ကျနော်တို့က မီးရှို့နေတဲ့သူတွေ မဟုတ်ဘူး။ ကျနော်တို့ မီးရှို့တာက ဒီလွှတ်တော်ပုံပါတဲ့ ပိုစတာကို ကျနော်တို့က စစ်လွှတ်တော်လို့ ရေးထားတယ်။ Burmese Military Parliament ဆိုပြီးတော့ ကျနော်တို့ ရေးထားတယ်။ အဲ့ဒီရေးထားတဲ့ ပိုစတာကိုပဲ ကျနော်တို့က မီးရှို့တာ။”

Anonymous-Burma အဖွဲ့ဝင်တွေထဲမှာ ကျောင်းသား၊ အလုပ်သမားနဲ့ တောင်သူလယ်သမား စတဲ့ လူတန်းစားပေါင်းစုံက လူငယ်တွေ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ သူတို့အဖွဲ့အနေနဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ လွှတ်တော်ကို အယုံအကြည် မရှိတာကြောင့် မကြာသေးခင်က ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ စစ်ကျွန်ပညာရေးစနစ်အဖြစ်ပဲ ခံယူထားပြီး ဒီဥပဒေ ဖျက်သိမ်းရေးအတွက်လည်း တိုင်းနဲ့ပြည်နယ် ဒေသအနှံ့အပြားမှာ လှုပ်ရှားသွားမယ်လို့ Anonymous-Burma အဖွဲ့ဝင်က ပြောပါတယ်။

“ကျနော်တို့ကို တစုံတရာ ဘယ်သူကမှ ကြိုးကိုင်ခွင့်မရှိဘူး။ ကျနော်တို့ မိမိပတ်ဝန်းကျင် ကောင်းဖို့အတွက် အမှန်တရားအတွက်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်ဖို့ ဖြစ်လာတဲ့ ဒီလူငယ်အင်အားစုဖြစ်တယ်။ တစုံတရာ အင်အားရှိလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ကျနော်တို့ အနယ်နယ် အရပ်ရပ်မှာလည်း ကျနော်တို့ Cells တွေရှိပြီးသား။ အဲ့ဒီလူငယ်တွေကလည်း ကျနော်တို့ လှုပ်ရှားမှု ပုံသဏ္ဍာန်နဲ့တူတဲ့ လှုပ်ရှားမှုမျိုးကို လုပ်လိမ့်မယ်။ တစုံတရာတော့ အောင်မြင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဘယ်လောက်ထိလဲဆိုတာကိုတော့ ကျနော်တို့ ရှေ့ကို မျှော်မှန်းပြီး ပြောလို့မရဘူး။ အဲ့ဒီကျနော်တို့ မြေနီကုန်းမှာ လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုဟာဆိုရင် တော်တော်လေးကို ပျံ့နှံ့နေတယ်။ အဓိက ကျနော်တို့ သတိပေးချင်တာကတော့ လက်ရှိ နိုင်ငံရေးလှုပ်ရှားနေတဲ့ နိုင်ငံရေးအင်အားစုတွေရယ်၊ အစိုးရရယ်ကို ကျနော်တို့က တွန်းအားပေးချင်တာ အဓိကကပါပဲ။”

လက်ရှိမှာတော့ ဆန္ဒပြပွဲမှာ ပါဝင်သူတချို့ကို စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့က စတင်စုံစမ်းနေပြီး၊ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်အရေးယူဖို့ ကြိုးစားနေတယ်လို့ သူတို့ကြားသိထားကြောင်းလည်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပထမဆုံးအကြိမ် ပြဌာန်းခဲ့တဲ့ အမျိုးသားပညာရေးဥပဒေဟာ ဗဟိုချုပ်ကိုင်မှု ကြီးစိုးထားပြီး လွတ်လပ်တဲ့ ပညာသင်ကြားရေးစနစ် မရှိဘူးဆိုပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဆန့်ကျင်ကန့်ကွက်ထားပါတယ်။

XS
SM
MD
LG