ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရက်ဆဲလ်မှာ လုံခြုံရေးကို အမြင့်ဆုံးအဆင့် ထားရှိတာ နဲ့ အမျှ အကြမ်းဖက်လှုပ်ရှားမှု တိုက်ဖျက်ရေး စီးနင်း ၀င်ရောက် ရှာဖွေမှုတွေတွင်း နောက်ထပ် လူ ၅ ဦးကို ဖမ်းဆီးခဲ့တာကြောင့် အခု ဖမ်းဆီးထားသူ ၂၁ ဦးအထိ ရှိသွားပြီလို့ အစိုးရရှေ့နေတွေက ဒီကနေ့ ပြောပါတယ်။
တနင်္လာနေ့အစောပိုင်းက မြို့တော်မှာ စီးနင်းရှာဖွေမှု ၂၂ ကြိမ်လုပ်ခဲ့ပြီး အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၁၆ ဦးကို ဖမ်းဆီးထားတဲ့အကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။ ဒါပေမဲ့ ပါရီမြို့ အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး အဓိက လွတ်နေတဲ့ သံသရှိသူ Salah Abdeslam ကတော့ လွတ်နေဆဲဖြစ်ပါတယ်။
စီးနင်းရှာဖွေမှုတွေ အတွင်း သံသယရှိသူတဦးထက် မနည်း ဒဏ်ရာရခဲ့တယ် လို့လည်း ရှေ့နေတွေက ပြောပါတယ်။ စီးနင်းရှာဖွေမှု ၁၉ ကြိမ်ကိုတော့ ဘရပ်ဆဲလ်စ်မြို့တော် တွင်းနဲ့ မြို့တော် ပတ်ပတ်လည်မှာ လုပ်ခဲ့တာပါ။ ပါရီမြို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုလို အခြေအနေ ထပ်ဖြစ်မှာကို စိုးရိမ်တယ်လို့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Charles Michel က ပြောပါတယ်။
လွတ်နေဆဲဖြစ်တဲ့ Abdelslam ဟာ ပါရီမြို့မှာ လူပေါင်း ၁၃၀ သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုအပြီး နာရီပိုင်းတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံထဲ ထွက်ပြေးသွားခဲ့တယ်လို့ ယူဆရတာပါ။ ပါရီမြို့တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်စီစဉ်ခဲ့သူ Abdelhamid Abaaoud ကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပါရီမြို့မြောက်ပိုင်း ဆင်ခြေဖုံးတခုကို ရဲတပ်ဖွဲ့က စီးနင်း ၀င်ရောက်ခဲ့ချိန် တွင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဘရက်ဆဲလ်မြို့မှာတော့ ဒီကနေ့ တနင်္လာနေ့မှာ မြေအောက်ရထားတွေနဲ့ စာသင်ကျောင်းတွေကို ပိတ်ထားပါတယ်။ ဘရပ်ဆဲလ်စ်မြို့တော်မှာ လုံခြုံရေး အထူး တင်းကျပ်ပြီး မြို့နေလူထုကို အိမ်ထဲကအိမ်ပြင်မထွက်ဖို့ သတိပေးထားတာ သုံးရက် မြောက်ရှိပါပြီ။ ပါရီမြို့မှာလည်း လူအသွားအလာ သိသိသာသာ နည်းသွားတဲ့ မြို့တော် လမ်းမတွေပေါ်မှာ တနင်္ဂနွေနေ့ နှောင်းပိုင်းက လုံခြုံရေး တပ်ဖွဲ့တွေ ထူထူထပ်ထပ် စောင့်ကြပ်နေကြပါတယ်။