သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ ANP ပြင်ဆင်


ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်
ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်

ရခိုင်ပြည်နယ် အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်ရေး အတွက် အစိုးရသစ်ဖွဲ့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရခိုင်ပြည်နယ်တွင်း အများစု အနိုင်ရ ရခိုင်အမျိုးသားပါတီက ဦးဆောင်ကော်မတီ တရပ်ကို ပါတီဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ဆန္ဒရှိပေမယ့် ရက်အတိအကျ မသတ်မှတ်နိုင်သေးတဲ့ အကြောင်း တုံ့ပြန်ပါတယ်။ မသိဂီ ၤထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ လွှတ်တော်နေရာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသား ပါတီက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေးနဲ့ ရခိုင်ပြည်နယ် လွှတ်တော် အကြီးအကဲ နေရာတွေ ရရှိရေး အတွက် အစိုးရသစ် ဖွဲ့လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ ဆွေးနွေးဖို့ အတွက် ဦးဆောင် ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ရခိုင်အမျိုးသား ပါတီဘက်က ပြည်နယ်လွှတ်တော်အမတ်နေရာ ၂၃ နေရာ အနိုင်ရထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဘက်က ၈ နေရာနဲ့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ၄ နေရာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ပြည်ထောင်စု အစိုးရဖွဲ့မယ့် NLD ပါတီနဲ့ ညှိနှိုင်းပြီး ရခိုင်အမျိုးသား ပါတီဘက်က ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကို ဦးဆောင်နိုင်ဖို့ မျှော်လင့်ထားတဲ့ အကြောင်း ANP ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ခိုင်ဖြိုးဘက်က ပုဂ္ဂိုလ်တွေ၊ တပ်မတော်ဘက်က ခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာတော့ဖြင့် မြန်မာနိုင်ငံရေး အခင်းအကျင်းနဲ့ ပက်သက်လို့ပဲဖြစ်ဖြစ် ၊ ခုနလို ပြည်ထောင်စုအစိုးရ ပြန်နယ်အစိုးရ ဖွဲ့စည်းရေးနဲ့ ပက်သက်လို့ဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်း တိုင်ပင်လာနိုင်တယ်လို့ပဲ၊ ကျနော်တို့ဘက်ကတော့ ယုံကြည်ပါတယ်။ တကယ်လို့များ ဆွေးနွေးခဲ့ရင် ကျနော်တို့ဘက်ကလည်း Outline လေးတွေကို ကျနော်တို့ ဆွေးနွေးထားပြီးသား ဖြစ်တာပေါ့နော်။ ဆွေးနွေးမယ့် ကော်မရှင်ကိုလည်းဖွဲ့ထားပါတယ်။ကျနော် ဦးဆောင်ပါတယ်။ အထွေထွေအတွင်းရေးမှူးပါပါတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အစိုးရ ဖွဲ့နိုင်တဲ့ အထိ အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကတော့ တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်မယ်လို့ ပြောဆိုထားပေမယ့် အခုချိန်ထိတော့ အနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးမှုတွေ မရှိသေးပါဘူး။ ဆွေးနွေးလိုတဲ့ ဆန္ဒရှိထားပေမယ့် ရက်အတိအကျ မသတ်မှတ်ရသေးတဲ့ အကြောင်း NLD ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“အဲလို ရည်မှန်းချက်တော့ရှိတယ်။ သို့သော် ကျနော်တို့က အခြေအနေအရ အချိန်မရှိလို့ သူတို့နဲ့ပြောဖို့အချိန်လိုသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာနေနေရတယ်။ တခြားလုပ်စရာရှိတာတွေကို လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဖို့ကတော့ ဆန္ဒရှိတယ်။ ဒါပေမယ့် အချိန်မသတ်မှတ်ရသေးဘူး။”

ရခိုင်ပြည်နယ်တွင်း အမတ်နေရာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကတော့ အစိုးရသစ်ဖွဲ့မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်နယ် အရေး ဆွေးနွေးဖို့ စတင်ကမ်းလှမ်းမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင် ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒါပေမယ့် NLD ဘက်က ကမ်းလှမ်းလာဖို့ကို အပြည့်အ၀ မျှော်လင့်တဲ့အကြောင်းပြောပါတယ်။

“ကျနော်တို့က ကမ်းလှမ်းဖို့ မရှိပါဘူး။ ကျနော်တို့က ပြည်နယ်လေးတခုရဲ့ အနိုင်ရပါတီပဲဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ လိုအပ်သလို ပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ့် အနေအထားလည်း ရှိပါတယ်။ သို့သော် ခုနလို မြန်မာနိုင်ငံတခုလုံးကို အပြောင်းအလဲတခုအတွက် ဦးဆောင်နေတဲ့ပါတီဖြစ်လို့ ကျနော်ထင်ပါတယ်၊ တိုင်းရင်းသားပါတီများနဲ့ တရားဝင် သူ့ဘက်က ဆွေးနွေးဖို့အတွက် ကမ်းလှမ်းလာနိုင်တယ်လို့ပဲ၊ ရာခိုင်နှုန်းများများ ကျနော်တို့ ဒါကို နားလည်ပါတယ်။ အဲဒီအခါမှာ ကျနော်တို့ဘက်က ဆွေးနွေးဖို့အဆင်သင့် ရှိနေပါပြီ။ ကျနော်တို့ဘက်က ကမ်းလှမ်းရတဲ့အနေအထားက အင်မတန်ခက်ပါတယ်။”

အစိုးရသစ်ဖွဲ့မယ့် NLD ပါတီဘက်ကတော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို အစဉ်တစိုက် အလေးထားတယ်လို့ တစိုက်မတ်မတ် ပြောဆိုထားပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က နေပြည်တော်မှာ လွှတ်တော်တက်ရောက်နေတဲ့ တိုင်းရင်းသား လွှတ်တော်အမတ်တွေနဲ့ နောက်ဆုံး တွေ့ဆုံပွဲမှာလည်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေ အနေနဲ့ ဗမာလူမျိုးတွေကိုလည်း တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုကြဖို့၊ အကူအညီပေး ပူးပေါင်းဆောင်ရွက်ကြဖို့ ၊ NLD ကိုလည်း ဝေဖန် အကြံပေးကြဖို့ တိုက်တွန်းပြောဆိုခဲ့ပေမယ့်အစိုးရသစ် လက်ထက် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သီးသီးသန့်သန့် ပြောဆိုခဲ့တာ မရှိပါဘူး။

XS
SM
MD
LG