သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင် အတွက် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင်


ဒေါက်တာအေးမောင်
ဒေါက်တာအေးမောင်

ဖွ့ဲစည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပါအဝင် နိုင်ငံရေးပြဿ နာတွေကို
ဖြေရှင်း သွားဖို့ ၆ ပွင့်ဆိုင် တွေ့ဆုံပွဲ လုပ်ဖို့လိုအပ်တယ် လို့ ပြည်ထောင်စု လွှတ်တော်မှာ အဆို တင်ပြ အပြီး ၂ ရက်အကြာ မှာ ဒီ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ မှာ ပါဝင်ရမယ့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို ဒီကနေ့ မနက် အစောပိုင်း လွှတ်တော် ထဲမှာ ရှိတဲ့ နိုင်ငံရေးပါတီ ၁၄ ပါတီက ခေါင်းဆောင်တွေက လျှိ့ဝှက် မဲပေးရွေးချယ်ခဲ့ကြပါတယ်။
အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗီအိုအေ
မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

၆ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ မှာ ပါဝင်ဖို့ တိုင်းရင်းသား လွှတ်တော်
ကိုယ်စားလှယ် တစ်ဦး ကို ရွေးချယ်တဲ့ နေရာ မှာ လွှတ်တော်ထဲက
တိုင်းရင်းသား ပါတီ ၁၄ ပါတီက ခေါင်းဆောင်တွေ က လျှိ့ဝှက် မဲပေး ပုံစံ
နဲ့ ရခိုင်အမျိုးသား ပါတီ ရဲ့ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ကို ဒီကနေ့ မနက်
အစောပိုင်းမှာပဲ ရွေးချယ် လိုက်တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးဖေသန်း က အတည် ပြု ပြောဆိုပါတယ်။

"ခြောက်ပွင့်ဆိုင် ကျနော်တို့ လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းတော့ တိုင်းရင်းသားပါတီ ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆိုပြီးတော့ပါတယ်။ နာယကကြီး ဦးရွှေမန်းက ခေါ်ပြီး တိုင်းရင်းသားပါတီတွေထဲက တစ်ယောက်ယောက်ကို ရွေးပေးပါ။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးပေးပါ ဆိုပြီးတော့ ခိုင်းတာလေ။ မနေ့ ညနေက ကျနော်တို့ ပထမ ပဏာမ တွေ့ဆုံပါတယ်။

တွေ့ဆုံပွဲ နောက်တနေ့မှာ ဒီနေ့မနက်မှာ ကျနော်တို့ လွှတ်တော်ထဲမှာ ရောက်နေတဲ့ တိုင်းရင်းသားပါတီ ၁၄ပါတီရှိပါတယ်။ အဲ့ဒီ့မှာ ခေါင်းဆောင် တစ်ယောက်စီ တက်ပြီးတော့ ကိုယ်ကြိုက်တဲ့သူကို မဲပေးခိုင်းတာပါ။ အဲ့ဒီ့မှာ ဒေါက်တာအေးမောင်က ငါးမဲရတယ်။ ဝ ပါတီက စိုင်းပေါင်းလတ်က ၄မဲရတယ်။ ကျန်တဲ့ ရှမ်းတို့၊ မွန်တို့၊ အဲ့လိုကတော့ တစ်ယောက် တစ်မဲစီရတယ်။ အဲ့တာနဲ့ မဲအများဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာအေးမောင်ကို တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ပွင့်ဆိုင် မှာ ကိုယ်စားဆွေးနွေးမယ့် သူကို ရွေးလိုက်တာပါ။ အဲ့လိုဖြစ်ပါတယ်ခင်ဗျ။"

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပါအဝင် ဖြေရှင်းဖို့ ကျန်နေသေးတဲ့
နိုင်ငံရေးပြဿနာတွေ ကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့
ဖြေရှင်းသွားနိုင် ဖို့အတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး
တစ်ရပ် ကျင်းပဖို့ ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်ထွန်းက အဂါနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီး
အဆိုတရပ် တင်သွင်းခဲ့တာပါ။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးတဲ့ အခါ ဒီအချက်တွေကို
အဓိကထားပြီး ဆွေးနွေးသွားမယ် လို့ ဒေါက်တာ အေးမောင်က ဗွီအိုအေ ကို
အခုလို ပြောပါတယ်။

" ပြည်ထောင်စုကို စစ်မှန်တဲ့ပြည်ထောင်စုဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ တချို့မှာ ဖြည့်သွင်းချင်တဲ့ ဆန္ဒ အာသီသ၊ နံပတ်တစ်အချက်ဖြစ်ဖို့ ကျနော် မျှော်မှန်း ပါတယ်။ နံပတ် နှစ်ကတော့ဖြင့် ပြည်ထောင်စု တခုလုံးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍပါ။ ဖွဲ့စည်းပုံကြီးကို ပြောင်းလွယ် ပြင်လွယ်တဲ့ ဖွဲ့စည်းပုံ ဖြစ်အောင် အများဆန္ဒနဲ့အညီ ကျနော်တို့ ဒီမိုကရက်တစ် စံနဲ့ဖွဲ့စည်းတည်ဆောက်ပုံ ဖြစ်အောင် ဆောင်ရွက်တဲ့ ကဏ္ဍမျိုးမှာ ထဲထဲဝင်ဝင် ဆွေးနွေးသွားဖို့ရှိပါတယ်။ နံပတ်သုံးကတော့ဖြင့် ကျနော်တို့ရဲ့ လက်ရှိဖွဲ့စည်းပုံနဲ့အညီ ၂၀၁၅ အလွန်မှာ ၂၀၁၅ဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တခုကို ကျင်းပပြီး အလွန်မှာ ဖြစ် လာမယ့် ပြည်ထောင်စု အစိုးရ တရပ်ရဲ့ ပုံသဏ္ဍာန်နဲ့ သူ့ရဲ့ ဒီမိုကရက်တစ် လူ့ဘောင်ကို ပြုပြင်ပြောင်းလဲလိုမှု ဒုတိယ ခြေလှမ်း ပိုမိုသွက်လက် မြန်ဆန်လာဖို့ အတွက် ပံ့ပိုးပေးရမယ့် ကဏ္ဍ တွေပါ။"


ပြည်ခိုင်ဖြိုးပါတီက အခုတင်သွင်းတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး
အဆိုမှာ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် တစ်ဦး
ပါဝင်သင့်တယ်လို့ တင်ပြချက်ဟာ လွှတ်တော် ပြင်ပ နိုင်ငံရေး ပါတီတွေ
နဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထဲက
တိုင်းရင်းသားခေါင်းဆောင်တွေ အတွက် ဘောင်ခတ်သလို ဖြစ်နေတယ်လို့
မြန်မာ့အရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိူးသိမ်းက ပြောပါတယ်။

"တိုင်းရင်းသားအုပ်စုကို အကြမ်းဖျင်းကြည့်လို့ရှိရင် လွှတ်တော်ထဲမှာ ရှိတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေရယ်။ လွှတ်တော်ပြင်ပမှာ ရှိတဲ့ တိုင်းရင်းသားပါတီတွေရယ် နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နိုင်ငံရေးအဖွဲ့အစည်းတွေပေါ့။ အဲ့တော့ သုံးပိုင်းရှိတဲ့အခါကျတော့ အခုတိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတည်းကိုပဲ ရွေးချယ်လိုက်တာဟာ အစုအဖွဲ့သုံးခု ထဲက တဖွဲကိုပဲ ကိုယ်စားပြုနိုင်တဲ့ သဘောမျိုးကို သက်ရောက်သွားတာ တွေ့ရတယ်။ အဲ့တော့ အကို့အမြင် ပြောရရင်တော့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က အဆိုတင်သွင်းတဲ့ ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး အလွန် မှာ ဒီကိစ္စကို အလေးအနက်ထားပြီး ပြန်သုံးသပ်ဖို့ လိုတယ်လို့ မြင်တယ်။ "


၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် နဲ့ လွှတ်တော်
ဥက္ကဋ္ဌ ၂ ယောက်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့
တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် ကိုယ်စားပြု ဒေါက်တာ
အေးမောင်တို့ ဆွေးနွေးဖို့ ဖြစ်လာပါပြီ။ ဒီဆွေးနွေးပွဲ ကို
ဘယ်အချိန် မှာ ဆွေးနွေးမလဲ ဆိုတာကတော့ သမ္မတ နဲ့ ကာကွယ်ရေး
ဦးစီးချုပ်တို့ က ဆုံးဖြတ်မှာ ဖြစ်တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်
အသိုင်းအဝိုင်း က ပြောဆိုကြပါတယ်။

အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမအနေနဲ့ ၄ ပွင့်
ဆိုင်တွေ့ဆုံရေးကိုသာ လိုလားတယ်လို့ ပြောဆိုထားပေမဲ့ သမ္မတ အပါအဝင်၊
ကာကွယ်ရေး ဦးစီးချုပ်တို့တော့ ၄ ပွင့် ဆိုင်ဆွေးနွေးရေးဟာ အားလုံး
နဲ့ကြည့်မယ် ဆိုရင် ဘောင်ကျဉ်းလွန်းတယ်လို့ လည်း အခုလ ရက်ပိုင်းတွေ
အတွင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG