သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အမျိုးသားပါတီဝင်အချို့ ခွဲထွက်နိုင်ချေရှိ


ရခိုင်အမျိုးသားပါတီ (ANP ) စစ်တွေရှိ ဌာနချုပ်
ရခိုင်အမျိုးသားပါတီ (ANP ) စစ်တွေရှိ ဌာနချုပ်

ရခိုင်ပြည်နယ်မှာ လွှတ်တေ်ာကိုယ်စားလှယ်နေရာအများစုအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီအတွင်းမှာ ညီညွှတ်ရေးပြိုကွဲနေပြီး ပါတီတွင်းက အင်အားစုအချို့ ခွဲထွက်မယ့်အခြေအနေတွေဖြစ်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်က လူမှုရေး၊နိုင်ငံရေးလှုပ်ရှားသူတွေကတော့ ပါတီတွင်းညီညွတ်ရေးပျက်ပြားတာကို နှစ်ဖက်ပြန်လည်စေ့စပ်ဆွေးနွေးပြီး အစဉ်အလာကောင်းတွေ ချမှတ်စေလိုကြောင်း ပြောကြပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ANP ခေါ် ရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲနဲ့ ၂၀၁၀ရွေးကောက် ပွဲမှာ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အများဆုံးရခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ပါတီတို့ ပေါင်းစည်းထားတာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်မှာ နှစ်ပါတီပေါင်းစည်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီANP ဟာ ၂၀၁၅ရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အများဆုံးရခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ သဘောထားကွဲပြားမှုတွေမြင့်တက်နေပြီး ALDပါတီဝင်ဟောင်းတွေဖက်က အနာဂတ်အတွက် လမ်းကြောင်းသစ်တခု ရွေးခြယ်မယ်အခြေအနေကို ရောက်ရှိနေတယ်လို့ ALD ပါတီရဲ့ အတွင်းရေးမှုးဟောင်း ဦးမျိုးကျော်က အခုလို ပြောပါတယ်။

“ကျနော်တို့ မူလ ALD က ဗဟိုအလုပ်မှုဆောင်တွေခေါ်ပြီးတော့ ကျနော်တိုစည်းဝေးတယ်။ အဲဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက် အရ ဒီလ ၁၀ ရက်နေ့မှာ ကျနော်တို့ မူလက ပါခဲ့တဲ့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင်တွေကို ခေါ်ပြီးတော့ အစည်းအဝေးလုပ်တယ်။ အဲဒီအစည်းအဝေးကတခါ ဆုံးဖြတ်တာကတော့ လာမယ့်လမှာ ကျနော်တို့ မြို့နယ်တွေမှာရှိတဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားကို လိုလားတဲ့လူတွေနဲ့ ကျနော်တို့ ထပ်ပြီးတော့ ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်တနေရာမှာ အစည်းအဝေးလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။”

လောလောဆည်အခြေအနေမှာတော့ ANP ပါတီက ခွဲထွက်ပြီး ပါတီသစ်ထောင်ရေးကို ဆုံးဖြတ်ထား မရှိဘဲ ပါတီတွင်းသဘောထားကွဲလွဲမှုတွေကို ညှိနှိုင်းဖို့လည်း ကမ်းလှမ်းထားကြောင်း ပြောပါတယ်။

“ကြားကနေပြီးတော့ ကျနော်တို့ ၂ ပါတီ ပေါင်းစဉ်က ပါခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ လူမှုအဖွဲ့ ဥက္ကဋ္ဌတွေရဲ့ နာယကတွေရှေ့မှာ ကျနော်တို့ကတော့ ဆွေးနွေးကြရအောင်လို့တော့ ခေါ်ထားပါတယ်ခင်ဗျ။”

လက်ရှိ ANP ပါတီရဲ့ ဥက္ကဌနဲ့ အရင် RNDP ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကတော့ လူထုကို ကိုယ်စားပြုဆောင်ရွက်ရေးကို ဦးစားပေးလိုကြောင်း ပြောပါတယ်။

“ကျနော်တို့ပါတီက ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အင်မတန်လိုအပ်တဲ့လိုအပ်ချက်တွေကို ရဲရဲရင့်ရင့်ဆုံးဖြတ်ချက်ချနေကြတဲ့ ကာလဖြစ်ပါတယ်။ လိုအပ်လို့ပေါ့နော် အမျိုးသားလုံခြုံမှုစည်းတွေကို ကာနေရတဲ့ ကာလဖြစ်ပါတယ်။ အဲဒီကာလမျိုးမှာ အခုလိုသတင်းတွေ ကြားလာရတာပါ။”

စစ်တွေမြို့က ပရဟိတအရေးဆောင်ရွက်သူ ဦးဇော်ဇော်မင်းကတော့ ဒီလို အမြင်သဘောထားကွဲပြားမှုတွေ အပေါ်မှာ သူ့အမြင်ကို အခုလို ပြောဆိုပါတယ်။

“ကိုယ့်အမြင်သူ့အမြင်ပေါ့ ဒီလိုစားပွဲဝိုင်းမှာပြောဆိုတယ် ဒါကို အားနည်းချက်တွေပြန်ထုတ် ၊ အဲဒါကိုမှ အားသာချက်တွေ ဘယ်လိုလုပ်ပြီးတော့မှ ရှေ့ဆက်ကြမလဲဆိုတဲ့ အပိုင်းလေးကိုလည်း သွားစေချင်တယ်။”

ရခိုင်အမျိုးသမီးအစည်းအရုံး RWU ရဲ့ ဒုဥက္ကဌ စောစံငြိမ်းသူက ပါတီ၂ရပ်ပေါင်းစည်းရေး အပေါ်မှာအခုလို သုံးသပ်ပြောဆိုပါတယ်။

“ပြောမယ်ဆိုရင် နှလုံးသားမပါပဲနဲ့ပေါ့နော် အပြင်ပိုင်းပေါင်းစည်းတဲ့ပုံစံမျိုးပဲဖြစ်တာကြောင့် အခုလိုမျိုးအနေအထားတွေဖြစ်နေရတယ်ဆိုတဲ့ဟာကိုပဲ ကျမအနေနဲ့ မြင်ပါတယ်။”

ဆက်လက်ပြီးတော့လည်း အခုလို တိုက်တွန်းထားပါတယ်။

“အခုလိုမျိုး ပြန်လည်ပြီးတော့ စိတ်ဝမ်းကွဲပြားမှုတွေဖြစ်နေတဲ့ အနေအထားမျိုးတွေကို ၂ ဘက်စလုံးကနေ သေသေချာချာပြန်လည်သုံးသပ်ပြီးတော့ တကယ့်ရင်ထဲကလာတဲ့စေတနာတွေနဲ့ ကိုယ်တိုင်ကိုကျ ပေါင်းစည်းလိုတဲ့ ဆန္ဒကို အခြေခံပြီးတော့ ပြန်လည်ပြီးတော့ ညှိနှိုင်းဖြေရှင်းပေါင်းစည်းသွားနိုင်ဖို့အတွက်ကို ဦးတည်ပြီးတော့ သွားတာ ပိုကောင်းပါတယ်လို့ ၊ ဒီလိုပုံစံမျိုးဆိုရင်တော့ အမျိုးသားရေးအတွက် ကောင်းတဲ့ လက္ခဏာဖြစ်ပေါ်လာနိုင်ပါတယ်။

ANP ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာရခိုင်ပြည်နယ်က၄၇ နေရာ အနက် ၂၃ နေ ရာ အနိုင်ရထားပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် ၃၅ နေရာမှာ ၂၂ နေရာရရှိထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG