သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်ဝန်ကြီးချုပ်မရရင် အစိုးရအဖွဲ့တွင် ANP ပါမည်မဟုတ်


ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ဦးဆောင်ဖွဲ့စည်းမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ ANP ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။ ဒါပေမယ့်လည်း NLD အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ အဆင်သင့်ပဲလို့လည်း ပြောပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ အပြတ်အသတ်အနိုင်ရရှိတာကြောင့် NLD ကရွေးချယ်တင်မြှောက်တဲ့ သမ္မတကနေ ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေကို ခန့်အပ်သွားမှာဖြစ်ပါတယ် ။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေကို ရွေးချယ်တင်မြှောက်သွားမှာနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP အနေနဲ့ လက်မခံနိုင်ဘဲဖြစ်နေတာပါ။

ရခိုင်ပြည်နယ် အကျိုးစီးပွါး၊ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ရပ်တည်ချက်အရ ပြည်နယ်မှာ အမတ်နေရာတော်တော်များများအနိုင်ရရှိထားတဲ့ ANP အနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်တဲ့ အခြေအနေမရှိရင် ဒီအစိုးရအဖွဲ့မှာ ANP အနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောပါတယ်။

“ဒီမိုကရက်တစ် society ကိုသွားလိုတဲ့ဖွဲ့စည်းပုံမဟုတ်ဘူး ၊ ဖက်ဒရယ် ပြည်ထောင်စုကို သွားလိုတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူးဆိုတာကို သိပါလျှက်နဲ့ ဒီဖွဲ့စည်းပုံရဲ့အားနည်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားသာချက်အဖြစ် ပုဒ်မ ၂၆၁ ကို အသုံးပြုခဲ့မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားများရဲ့ ယုံကြည်မှုကိုရဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဖွဲ့စည်းပုံပြင်မယ် ဆိုတဲ့လမ်းကြောင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံကို ထောက်ခံပြီးမှ ဒီဖွဲ့စည်းပုံရဲ့ အကြပ်အတည်း ၊ တိုင်းရင်းသားများရဲ့အကြပ်အတည်းကို အားသာချက်အဖြစ် ယူသွားတဲ့ပါတီအဖြစ်ပဲ ကျနော်တို့ သက်မှတ်ခြင်းကို သမိုင်းမှာ ကျန်သွားရပါလိမ့်မယ်။”

NLD ပါတီအနေနဲ့ တစိုက်မတ်မတ်ရပ်တည်လာခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ မူအတိုင်း ရခိုင်ပြည်နယ်အစိုးရဖွဲ့စည်းရာမှာ ရခိုင်ပြည်နယ်အတွင်း မဲအများဆုံးနဲ့ အနိုင်ရထားတဲ့ ANP ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထဲကသာ ဝန်ကြီးချုပ်ဖြစ်သင့်တယ်ဆိုပြီး ANP က ရပ်တည်ဆုံးဖြတ်ထားတာပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အခုလိုဆက်ပြောပါတယ်။

“သို့သော် ဒီနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှမ်းရေးရာ ဝန်ကြီးတဦးအပါအဝင်မှ ၉ ဦးပဲရပါတယ်။ ပြည်ခိုင်ဖြိုးပါတီက ၃ ဦးပဲ ရပါတယ်။ ရခိုင်အမျိုးသားပါတီက ၂၁ ဦးရပါတယ်။ တပ်မတော်က ၁၂ ဦးရှိပါတယ်။ ဒီအခြေအနေထိ ရခိုင်တမျိုးသားလုံးဟာ ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့တာတောင်မှ လက်ရှိ ၆၈ နှစ်ရှိတဲ့ မြန်မာနိုင်ငံရဲ့အခင်အကျင်းမှာ တိုင်းရင်းသားအားလုံးလည်း လက်နက်ကိုင်နေကြတယ်။ ကျနော်တို့ရဲ့စစ်မှန်တဲ့ပြည်ထောင်စုကို သွားမယ်ဆိုတဲ့ ဦးတည်ချက်ကြောင့်ပဲ ဒီပြည်တွင်းစစ်ကြီး တနည်းအားဖြင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဒီ ဒုတိယအပြောင်းအလဲမှာတောင်မှ majority seats ကိုရထားတဲ့ ပါတီကြီးတခုရဲ့ အမတ် အရေအတွက်ကို အသိအမှတ်မပြုနိုင်ဘူးဆိုရင် ကျနော်တို့ဟာ ပွင့်ပွင့်လင်းလင်းပြောရင်ဗျာ၊ အခုထိ ကိုလိုနီ နယ်ချဲ့အောက်မှာ ရှိနေသေးပါတယ်လို့ တိုင်းရင်းသားတွေက ပြောရမယ့်သဘောပါပဲ။”

ဇန်နဝါရီလ ၁၅ ရက်နေ့က စစ်တွေမြို့ရွှေစေတီ ကျောင်းတိုက်မှာ ကျင်းပတဲ့ အစည်းအဝေးအတွင်း ရပ်မိရပ်ဖတွေ၊ လူမှုကွန်ယက် အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို NLD အနေနဲ့ ဦးဆောင်ဖွဲ့စည်းသွားမယ်လို့ရခိုင်ပြည်နယ်အလုပ် အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးညီပုက ပြောကြားခဲ့ပြီးနောက် အဲဒီ အစိုးရအဖွဲ့မှာ ပါဝင်မှာမဟုတ်ဘူးလို့ ANP ပါတီက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ NLD အနေနဲ့တော့ ဒီလိုအစိုးရဖွဲ့စည်းရာမှာ ကန့်သတ်ချက်ထားတာမျိုးမရှိတဲ့အပြင် NLD ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားထားပြီးပြီလို့ ဦးညီပုက ပြောပါတယ်။

“ဒါကတော့ တရားဝင်ပြောထားပြီးသားပါ။ ကျနော်တို့စီက ပြောရေးဆိုခွင့်ရှိတဲ့ ဒေါ်နန်းခင်ထွေးမြင့်က တိုင်းနဲ့ပြည်နယ် အစိုးရတွေ ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ ပြောပြီးသွားပါပြီ။”

အရင်ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရလက်ထက်မှာတော့ ANP အနေနဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထဲမှာ ပါဝင်ခဲ့ပေမယ့် NLD အနေနဲ့တော့ ပြည်ခိုင်ဖြိုးနဲ့ ထပ်တူကျတဲ့ နိုင်ရေးပါတီတရပ် အနေနဲ့ မသတ်မှတ်တာကြောင့် အခုလို အစိုးရအဖွဲ့မှာ ပါဝင်တာမဟုတ်ကြောင်း ဒေါက်တာအေးမောင် ကပြောပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရ ရွေးချယ်တင်မြှောက်ခံရတဲ့ သမ္မတကနေ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်ရမှာဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ကနေ သက်ဆိုင်ရာ ပြည်နယ်အစိုးရဝန်ကြီးတွေကို ခန့်အပ်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG