သုံးရလွယ်ကူစေသည့် Link များ

ဂရိရွေးကောက်ပွဲ လက်ဝဲပါတီ အနိုင်ရ

  • ဗွီအိုအေ (မြန်မာဌာန)

ဂရိနိုင်ငံ၊ ခြိုးခြံရေးအစီအစဉ်ကိုဆန့်ကျင်တဲ့ Syriza ပါတီခေါင်းဆောင် မစ္စတာ Alexis Tsipras ကို ပါတီဌာနချုပ်ရုံးမှာ မဲအနိုင်ရကြောင်းသိရစဉ်မှာ တွေ့ရပုံ။ (ဇန်နဝါရီ ၂၆၊ ၂၀၁၅)

ဂရိနိုင်ငံမှာ အစိုးရရဲ့ ခြိုးခြံချွေတာရေးအစီအစဉ်ကို ဆန့်ကျင်တဲ့ခေါင်းဆောင်နဲ့ သူ့ရဲ့သဘောထားတင်းမာတဲ့လက်ဝဲယိမ်းပါတီတို့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့နိုင်သွားပြီး ရာထူးကနှုတ်ထွက်ရတော့မယ့် ဝန်ကြီးချုပ် Antonis Samaras ဦးဆောင်တဲ့ သမရိုးကျဝါဒီ New Democracy party ကို မဲအများကြီးကျောရခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲရဲ့ ရလဒ်အရ ရွေးချယ်ခံ Syriza ပါတီရဲ့ အကြီးအကဲ Alexis Tsipras ဟာ နိုင်ငံမှာနှစ်ပေါင်း ၁၅၀ ကာလအတွင်း အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။ နိုင်ငံမှာ နှစ်အတော်ကြာ ကျင့်သုံးလာတဲ့ ခြိုးခြံချွေတာရေးမူဝါဒတွေကို အဆုံးသတ်ပစ်မယ်လို့ ကတိပြု ထားပါတယ်။ ဒါပေမယ့်လည်း ဒီရွေးကောက်ပွဲရဲ့ရလဒ်ကြောင့် ဂရိနိုင်ငံကို ဥရောပသမဂ္ဂ၊ ပြီးတော့ နိုင်ငံတကာငွေချေးငှားသူတွေနဲ့ ပြဿနာ ဖြစ်ရစေနိုင်ပါတယ်။

Syriza ပါတီဟာ ညွန့်ပေါင်းအစိုးရမဖွဲ့ဘဲ နိုင်ငံကို ကိုယ်ပိုင်အုပ်ချုပ်နိုင်မယ့် လွှတ်တော်အမတ်နေရာ ၁၅၁ နေရာရဖို့ နှစ်နေရာပဲ လိုပါတယ်။ မစ္စတာ Tsipras ကို လက်ယာယိမ်း လွတ်လပ်သော ဂရိနိုင်ငံသားများပါတီရဲ့ ထောက်ခံမှုကိုရထားပြီမို့ ညွန့်ပေါင်းအစိုးရ မြန်မြန်ဖွဲ့နိုင်ဖို့ အဆင်ပြေပါတယ်။ ရွေးကောက်ပွဲရလဒ်ကို တနင်္လာနေ့မှာကြေညာခဲ့ပြီး အသစ်တက်မယ့်ဝန်ကြီးချုပ်က လွတ်လပ်သော ဂရိနိုင်ငံသားများပါတီရဲ့ခေါင်းဆောင် Panos Kammenos နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီပါတီဟာ Syriza ပါတီနဲ့ လုံးဝမတူသလောက်ရှိပေမယ့် နှစ်ပါတီလုံးကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဂရိနိုင်ငံကို နိုင်ငံတကာက ငွေကြေးထောက်ကူပေးခဲ့တာကို ဆန့်ကျင်ခဲ့ကြတာပါ။

ဂရိနိုင်ငံမှာ ရွေးကောက်ပွဲရလဒ်ကြောင့် ကမ္ဘာ့အစုရှယ်ယာဈေးတွေ အစပိုင်းမှာ ကျဆင်းခဲ့ရပေမယ့် နေမြင့်လာတာနဲ့အမျှ အခြေအနေ ပြန်ကောင်းလာပါတယ်။ ဒါပေမယ့် ဂရိက အစုရှယ်ယာဈေးတွေကတော့ ဈေးကွက်ဖွင့်ဖွင့်ချင်း မကြာခင်မှာပဲ ၄% နီးပါး ကျဆင်းခဲ့ပါတယ်။ ဥရောပ ယူရိုငွေကတော့ ပြန်တက်မလာခင်မှာ ၁၁ နှစ်အတွင်း အနိမ့်ဆုံးတန်ဖိုးကို ကျဆင်းသွားတဲ့အတွက် စိုးရိမ်မှုတွေ ပြန်ပေါ်လာစေခဲ့ပါတယ်။ ဥရောပနိုင်ငံတွေ အတူတကွသုံးစွဲတဲ့ ဒီငွေကြေးအပေါ်ကို ဂရိရွေးကောက်ပွဲက ဘယ်လို ရိုက်ခတ်နိုင်မလဲဆိုတာ ဆွေးနွေးကြဖို့ ဥရောပသမဂ္ဂ ဘဏ္ဍာရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG