သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံးအကြိမ် မူးယစ်ဆန့်ကျင်ရေးနေ့ ကချင်နဲ့ ရှမ်းမြောက်မှာ ကျင်းပ


ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအခမ်းအနား တက်ရောက်လာသူ ပြည်သူများ -Photo Credit to Lachid Kachin
ကချင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအခမ်းအနား တက်ရောက်လာသူ ပြည်သူများ -Photo Credit to Lachid Kachin
မူးယစ်ဆေးဝါးသုံးစွဲတာ၊ စိုက်ပျိုးထုတ်လုပ်တာနဲ့ ရောင်းဝယ်တာတွေ ပပျောက်စေရေး အတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ကချင်- မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနေ့ကို ဒီကနေ့ ကချင်ပြည်နယ် ဒေသအနှံ့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျင်းပခဲ့ပါတယ်။ မြစ်ကြီးနားနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်ဇာမှာ ကျင်းပတဲ့ အခမ်းအနားမှာတော့ လူအင်အားထောင်နဲ့ ချီပြီး တက်ရောက်ခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
Kachin Anti Drug Day April 25.
Kachin Anti Drug Day April 25.
ပထမဆုံးအကြိမ်အဖြစ်စတင်ကျင်းပတဲ့ ကချင်- မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနေ့ကို မြစ်ကြီးနားမြို့မှာ မနက် ၈နာရီကနေ ၁၀နာရီခွဲအထိ စီတာပူ မနောကွင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ အစီအစဉ်ကိုတော့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှုးဖြစ်တဲ့ ဆရာ အင်ခွန်တန်ဂွန်းက အခုလို ပြောပါတယ်။

"ပထမဦးဆုံး ဒါ ဘုရားသခင်မှာ ဆုတောင်းအပ်နှံပြီးမှ ဒီအစီအစဉ်ကို စတင်ဖြစ်တယ်။ သုံးစွဲခဲ့တဲ့သူတွေ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ သက်သေခံ ချက်တွေ သူတို့ရှိပါတယ်။ နောက်ပြီးမှ ဒီ ပြခန်းတွေပေါ့နော် ဒီပြခမ်းတွေကိုလည်း ဓါတ်ပုံတွေနဲ့ ကျနော်တို့လုပ်ပါတယ်။ နောက်ပြီးမှ ဒီ စတစ်ကာတွေပေါ့နော် စတစ်ကာတွေလည်း ကျနော်တို့မော်တော်ကားတွေ မှာ နောက်က မော်တော်ဆိုင်ကယ်တွေမှာ ဖုန်းတွေမှာ လက်ပ်တော့ပ်တွေမှာ သူတို့ကပ်ပြီးမှ Mobilization အတွက်ပေါ့။ အဲ စတစ်ကာတွေကိုလည်း သူတို့ ဖြန့်ဝေတယ်။ Pamphlet တွေကိုလည်း သူတို့ ဖြန့်ဝေခြင်းလုပ်တယ်"

မြစ်ကြီးနားမြို့က အခမ်းအနားကို လူထုပရိသတ် ၂ထောင်လောက် တက်ရောက်ခဲ့ပြီး ကချင်- မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးနေ့ဖြစ်ပေါ် လာရတဲ့ အကြောင်းရင်းကို ဦးအင်ခွန်တန်ဂွန်းက အခုလို ရှင်းပြပါတယ်။

"ကချင်ပြည်နယ် ရှမ်းပြည်နယ်ပေါ့နော် မူးယစ်ဆေးဝါး အန္တရာယ်က တော်တော်ကို ပြင်းပြင်းထန်ထန် ခံစားနေရတယ်ပေါ့နော်။ ဆိုတော့ ရပ်မိရပ်ဖတွေ လူကြီးတွေပေါ့နော် ကေအိုင်အို အပါအဝင် အားလုံးပေါ့။ ဘာသာရေး အဖွဲ့အစည်းက ခေါင်းဆောင်တွေအားလုံးပေါ့ ဒါဟာ သူတို့ ကချင် အမျိုးသားအတွက်ရော လူငယ်တွေအတွက် လူသားအားလုံးအတွက်က ဒါ အများကြီး အန္တရာယ်အကြီးအမားဖြစ်နေပြီ ဆိုပြီးမှ သူတို့ ဆွေးနွေးကြတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်တွေဆွဲပြီးမှ ဒီ ၂၅ရက်ကနေ ဒီစီမံကိန်းကို စတင်ပြီးမှ လုပ်ဆောင်ကြရအောင်ဆိုပြီးတော့ ဆုံးဖြတ်ကြတယ်။ ဆိုတော့ ဒီနေ့ကို Kachin Anti-Drug Day လို့ သတ်မှတ်ပြီးမှ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ကြတယ်။ အဲလိုနဲ့ Kachin Anti-Drug Day ဖြစ်လာခြင်းဖြစ်တယ်"

မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့မှာလည်း ကချင်- မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ လိုင်ဇာမြို့မှာ ကျင်းပခဲ့တာကိုတော့ လိုင်ဇာဒေသခံ တယောက်က အခုလို ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ဒီမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ မနက် ၆နာရီခွဲကနေပြီး လူစုပြီးတော့ ၇နာရီမှာ ကျနော်တို့ စလုပ်ပါတယ်။ အဓိက ကတော့ ကျနော်တို့နိုင်ငံမှာ အခုအချိန်မှာ ကျနော်တို့ဒေသမှာ မူးယစ်ဆေးဝါး အင်မတန်မှပေါများလို့ လူငယ်တွေ မြောက်များစွာ ဆုံးရှုံးနေရတယ်လေ။ အဲဒါကို ဒါက ကေအိုင်အို ကနေပြီတော့ ဦးဆောင်ပြီးမှ လုပ်တယ်။ ဒီအစီအစဉ်မှာ။ ကျနော်တို့ လိုင်ဇာ မနောကွင်းမှာ လုပ်ပါတယ်။ ရပ်မိရပ်ဖ ကျောင်းသူ ကျောင်းသား နောက်ပြီးမှ လူငယ်များ နောက်ပြီးမှ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေပေါ့ ။ KIO KIA အဲဒီမှာ ပါဝင်ပြီးမှ လုပ်ကြတာပါ"

လိုင်ဇာမှာကျင်းပတဲ့ အခမ်းအနားကိုတော့ လူ တစ်ထောင်ကျော်လောက် တက်ရောက်ခဲ့သလို လိုင်ဇာဒေသအနီးက ဒုက္ခသည်စခန်း ၆ခုမှာလည်း ဒီအခမ်းအနားကို တပြိုင်တည်းကျင်းပခဲ့တယ်လို့ KIO အဖွဲ့ ဒုက္ခသည်ရေးရာ တာဝန်ခံ ဦးဒွဲပီဆာက ပြောပါတယ်။ ဒီလို ကျင်းပတဲ့ KIO ရဲ့ မူဝါဒကိုတော့ ဦးဒွဲပီဆာက အခုလို ပြောပါတယ်။

"လူငယ်တွေ မူးယစ်ဆေးဝါးမသုံးဖို့။ ကျနော်တို့ဒေသမှာ စိုက်ပျိုးတာ ထုတ်လုပ်တာ မရှိဖို့ အားလုံးလူထုက ဝိုင်းဝန်းတိုက်ဖျက်ရမယ်။ ကချင်လူမျိုး သာမကဘူးလေ ကျနော်တို့ဒေသမှာရှိတဲ့ လူမျိုးပေါင်းစုံပေါ့။ အားလုံးက ဘိန်းကို အားလုံးဆန့်ကျင်ဘက်ဖြစ်ရမယ်ဆိုတဲ့မူဖြစ်ရမယ်"

KIO အဖွဲ့ဟာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအတွက် ၁၉၉၁ခုနှစ် ဧပြီလ ၂၅ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ကချင်- မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနေ့ ကျင်းပဖို့အတွက်ကို ၂၀၁၃ခုနှစ် ဇွန်လ ၂၆ရက်နေ့ နိုင်ငံတကာ မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့မှာ ဆွေးနွေးဆုံးဖြတ် အတည်ပြုခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG