သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဆန့်ကျင်သူတွေ ထိုင်းရွေးကောက်ပွဲကို လက်မခံ


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆွန်ခလခရိုင်၊ ဟတ်ရိုင်ဒေသမှာ လက်ရှိရွေးကောက်ပွဲကို ကန့်ကွက်ပြီး ကြွေးကြော်ချီတက်နေသူများ။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၄)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆွန်ခလခရိုင်၊ ဟတ်ရိုင်ဒေသမှာ လက်ရှိရွေးကောက်ပွဲကို ကန့်ကွက်ပြီး ကြွေးကြော်ချီတက်နေသူများ။ (ဖေဖော်ဝါရီ ၂၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ အချိန်စောကျင်းပခဲ့တဲ့ရွေးကောက်ပွဲကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ပယ်ချလိုက်ပြီး ဝန်ကြီးချုပ် Yingluck Shinawatra ရဲ့ အိမ်စောင့် အစိုးရကို ဖြုတ်ချနိုင်ဖို့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆက်လုပ်သွားမယ်လို့ သံန္နိဌာန်ချထားပါတယ်။

အခုရွေးကောက်ပွဲကို အဓိကအတိုက်အခံ Democrat ပါတီက သပိတ်မှောက်ခဲ့ပြီး မဲဆန္ဒနယ်အများအပြားမှာ ဆန္ဒပြသူတွေက မဲပြားတွေဝေတာကို ပိတ်ဆို့တာမျိုး၊ မဲသွားပေးတဲ့သူတွေ မဲရုံထဲဝင်လို့မရအောင် ပိတ်ဆို့တာမျိုးတွေလုပ်ပြီး မဲထည့်ဝင်မှုကို နှောင့်ယှက်ခဲ့ပါတယ်။ ဒီ တနင်္ဂနွေနေ့မှာ မဲမပေးလိုက်နိုင်သူ မဲဆန္ဒရှင် ၁၀% အတွက် နောက်တခေါက်ထပ်ပြီး မဲပေးနိုင်အောင် လုပ်ပေးမယ်လို့ အိမ်စောင့်အစိုးရက ပြောပါတယ်။

ဒါပေမယ့် ဆန္ဒပြပွဲတွေ မပြီးဆုံးမချင်း နောက်ဆက်တွဲ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်လို့မရဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဆန္ဒပြသူတွေ ကလည်း ဆန္ဒပြပွဲတွေရပ်ပေးဖို့ လုံးဝအစီအစဉ်မရှိဘဲ ရွေးကောက်ပွဲကို တနေ့တည်းမှာပဲ ကျင်းပရမယ်ဆိုတဲ့ ဥပဒေသတ်မှတ်ချက်အပါအဝင် ပုံစံမျိုးစုံနဲ့ ဒီ ရွေးကောက်ပွဲ တရားမဝင်ဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ ဒီကနေ့ တနင်္လာနေ့မှာပဲ ပြောသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ဆန္ဒပြသူတွေဟာ တခြားတနေရာမှာသွားပေါင်းဖို့ သူတို့ရဲ့ စခန်းတချို့ကို ဖျက်ပစ်နေပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကိုတော့ သတင်းပတ် တော်တော်ကြာတဲ့အထိ သိရမယ့်ပုံမရှိဘဲ အနှောင့်အယှက်တွေရှိခဲ့တဲ့ မြို့နယ်တွေမှာ မဲထည့်ဝင်ဖို့ ပြန်မလုပ်ပေးနိုင်မချင်း အစိုးရသစ်လည်း မဖွဲ့စည်းနိုင်ပါဘူး။

လက်ရှိဝန်ကြီးချုပ်ရဲ့အကို ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နိုင်ငံထဲ ပြန်လာနိုင်အောင် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်အောင်မယ့် ဥပဒေကြမ်းတစ်ခုကို ကြိုးစားခဲ့တဲ့ လွန်ခဲ့တဲ့ ၃ လ ကတည်းက ထိုင်းနိုင်ငံမှာ အကြမ်းဖက်ဆန္ဒပြမှုတွေစတင်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG