သုံးရလွယ်ကူစေသည့် Link များ

Facebook အမုန်းစကားပွားသူ တဦး ဖမ်းဆီးခံရ


မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ။
မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ။

အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ နိုင်ငံတော် အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုပြီး ၊ လူမျိုးဘာသာအရ အမုန်းပွားစေမယ့် စကားတွေပြောဆိုသူ တဦးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါပြီ။ လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေဖြစ်လာစေမယ့် လှုံဆော်ရေးသားမှုတွေ အခုလတွေအတွင်း တိုးပွား ပြန့်နှံ့လာနေတဲ့ အချိန်မှာပဲ အခုလို အမုန်းစကားပွားသူတဦးကို ဖမ်းဆီးမှုဟာ အစိုးရသစ် လက်ထက် ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုချက်တွေကို ကိုရန်နိုင်က တင်ပြထားပါတယ်။

နိုင်ငံတော် အကြီးအကဲတွေကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ် ကနေ စော်ကား ပုတ်ခတ်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံထားရတဲ့ - မတူကွဲပြားခြင်း နဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို အာဏာပိုင်တွေက မေလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ အခုဆိုရင် သူ့ကို ပုသိမ်အကျဉ်းထောင်မှာ ထိန်းသိမ်း ထားလိုက်ပြီဖြစ်ပါတယ်။

ဦးနေမျိုးဝေဟာ တိုင်းပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အမုန်းပွားမှုတွေဖြစ်အောင် လှုံ့ဆော်နေသူဖြစ်တဲ့အတွက် ဖမ်းဆီးသင့်တယ်လို့ နိုင်ငံရေးအကဲခတ် သတင်းစာဆရာ ဦးစည်သူအောင်မြင်က ပြောပါတယ်။

"ဦးနေမျိုးဝေဟာ သူ့ရဲ့နာမည်အစစ်အမှန်၊ သူ့ရဲ့ပါတီဥက္ကဋ္ဌ ရာထူးအစစ်အမှန်၊ သူ့ရဲ့ အကောင့်အစစ်အမှန်နဲ့ ဖေ့စ်ဘွတ်ခ်ထဲကနေပြီးမှ သူက ဘာသာရေး၊ လူမျိုးရေး အမုန်းပွားစေတာတွေကို တော်တော်ကို လုပ်တယ်။ ဒါက အမုန်းပွားမှုကို သူဖြန့်ဖြူးတယ်။ ဒုတိယတခုကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်တာတွေကိုလည်း သူ ပြောင်ပြောင်တင်းတင်းပဲ လုပ်တယ်။ နောက် တတိယတခုက ကျတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးကို ပုဂ္ဂိုလ်ရေးအရ ရုန်းရင့်ကြမ်းတမ်းစွာ ပြောဆိုရိုင်းစိုင်းမှုတွေကိုလည်း လုပ်တယ်။ နောက်ပြီးတော့ အကြမ်းဖက်မှုကို လှုံ့ဆော်သည်အထိကိုလည်း သူကလုပ်တယ်။ ဟိုးနဂိုကတည်းက သူ့ကို အရေးယူသင့်တာပါ။ သူဟာ တိုင်းပြည် ထဲမှာ ကိုယ်ထိလက်ရောက် မဟုတ်ပေမဲ့လည်းပဲ အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့အထဲမှာတော့ အဆိုးဝါးဆုံးလူပုဂ္ဂိုလ် တယောက်ကို အခုလို အရေးယူလိုက်တာ ကောင်းတယ်လို့ မြင်ပါတယ်။"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်သံရုံးက ထုတ်ပြန်ချက်ထဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး လက်ရှိ NLD အစိုးရက မကန့်ကွက်ခဲ့တာကြောင့် ၊ ဦးနေမျိုးဝေက နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အခုလို လူမျိုးရေး၊ ဘာသာရေးအမုန်းပွားစေမယ့်ကိစ္စတွေ ပြန်ပြီးဖြစ်လာတဲ့အပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းလွှတ်တော်မဲဆန္ဒနယ်အမတ်(၁) လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က အခုလို သုံးသပ်ပါတယ်။

"ကျနော်ထင်တာ အစိုးရသစ်တက်လာပြီး သိပ်မကြာခင်မှာပဲ ဒီကိစ္စတွေက နည်းနည်းပြန်ဖြစ်လာတယ်။ ရွှေတိဂုံဘုရားမှာ ဈေးရောင်းတဲ့ကိစ္စကို သွားသိမ်းတာတွေ၊ နောက်ပြီးတော့ ကရင်ပြည်နယ် ဘားအံမှာ စေတီတွေ တည်တဲ့ကိစ္စတွေပေါ့နော်။ အဲ့ကိစ္စတွေက ဆက်တိုက်ဆိုသလိုဖြစ်လာတော့ ကျနော်အဲ့ဒီ့တုန်းကတောင် ပြောလိုက်ပါသေးတယ်။ အစိုးရသစ်ကို သွေးတိုးစမ်းတဲ့ ပုံစံမျိုးတောင် ဖြစ်တယ်ပေါ့နော်။ အဲ့လိုမျိုး ကျနော်ကတော့မြင်တယ်။ "

ဦးနေမျိုးဝေရဲ့ ဘာသာရေး လူမျိုးရေး အမုန်းပွားစေမယ့် ပြောဆိုရေးသားမှုတွေဟာ တည်ဆဲဥပဒေတွေကို ချိုးဖောက်နေတဲ့အပြင်၊ တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်စေ၊ နိုင်ငံတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကြား အမုန်းမပွားစေဖို့အတွက် ရေတို ရေရှည်ချဉ်းနည်းတွေနဲ့ ဖြေရှင်းသင့်တယ်လို့ ဦးစည်သူအောင်မြင့်ကပြောပါတယ်။

" ရေတိုနည်းမှာတော့ တရားဥပဒေစိုးမိုးရေးကို ခိုင်ခိုင်မာမာလုပ်တာပေါ့။ ဥပဒေပြဋ္ဌာန်းရမယ်။ ဥပဒေနဲ့အညီ လိုက်နာအောင် လုပ်ရမယ်။ ခုနကတုန်းကလို အကြမ်းဖက်မှု လှုံ့ဆော်တာတွေ ရှိပြီဆိုရင် ချက်ခြင်းအရေးယူရမယ်။ အဲ့တာတွေကတော့ ရေတိုနည်းတွေပေါ့။ ဒါပေမဲ့ အဲ့ဒီ့ရေတိုနည်းတွေနဲ့ ဒီပြဿနာကြီးကို ကုစားဖို့ဆိုတာ တော်တော်မလွယ်ပါဘူး။ ရေရှည်မှာကျတော့ ကျောင်းတွေမှာ သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ဖို့ ဆိုတဲ့ဟာလေးတွေ ထည့်သွင်းတာကအစ ငယ်စဉ်ကတည်းက သင်ကြားတာတွေ အဆုံးပေါ့။ အကုန်လုံး လုပ်ပေးတော့မှာသာ ဒီဟာကြီးဟာ ရေရှည်မှာ ဒီဟာ လျော့နည်းသွားမယ်လို့ ကျနော်တို့ ယူဆလို့ရပါတယ်။"

နိုင်ငံတော်အကြီးအကဲတွေအပေါ်မှာ ပုတ်ခတ်စော်ကားတာတွေ လှောင်ပြောင် သရော်တာတွေကို အရေးယူသင့်သလို၊ အမုန်းပွားစေမယ့် လှုံ့ဆော်ရေးသားမှုတွေ နဲ့ ပတ်သက်ပြီးလည်း အရေးယူသင့်တယ်လို့ ကိုနေဘုန်းလတ်က ပြောပါတယ်။

" ဖြစ်သင့်တာကတော့ အရင်အစိုးရလက်ထက်တုန်းကလည်း ကျနော်တို့မြင်နေတာပဲ။ နိုင်ငံတော် အကြီးအကဲတွေကို တခုခုရုပ်ပြောင်တွေ ဘာတွေ နဲ့ လုပ်တယ်ဆိုရင် ချစ်သမီးကိစ္စ၊ မောင်ဆောင်းခ ကိစ္စဗျာ။ ပတ်ထရစ်ခွန်ဂျာလီကိစ္စဗျာ အဲ့လို ကိစ္စမျိုးတွေဆိုရင် သူက လုံးဝ အထိမခံပဲနဲ့ အရေးယူဆောင်ရွက်တာရှိတယ်။ ဒါပေမဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး အမုန်းစကားဖြန့်နေတဲ့အကောင့်တွေကျတော့ ဘာမှ အရေးယူဆောင်ရွက်တာမျိုး မရှိဘူးဆိုတဲ့အနေအထားမျိုး အရင်အစိုးရတုန်းက ဖြစ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ အခုအချိန်မှာ အခုလက်ရှိအစိုးရကိုတော့ ကျနော်က ဒါ နိုင်ငံတော်အကြီးအကဲကို ပုဂ္ဂိုလ်ရေးရာ စော်ကားတာ မကောင်းဘူးပေါ့နော်။ အဲ့တာတွေကိုလည်း အရေးယူဆောင်ရွက်သလို တဖက်ကလည်း ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် ဖန်တီးနေတဲ့အကောင့်တွေကို တနည်းနည်းနဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။"

နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို လူမှုကွန်ယက်စာမျက်နှာတွေကနေ တဆင့် စာတွေ ဗီဒီယိုဖိုင်တွေ တင်ပြီး ပုတ်ခတ်ခဲ့တာကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝေယံအောင်က ကန်ကြီးထောင့် မြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG