သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်တွေကိုဖိအားပေးကြဖို့ အာရှရောက် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က ပဲန်ကာဆီလာ အဆောက်အဦးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ တွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၂၁)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က ပဲန်ကာဆီလာ အဆောက်အဦးမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ တွေ့ဆုံစဉ်။ (ဒီဇင်ဘာ ၁၄၊ ၂၀၂၁)

[[Zawgyi/Unicode]]

အာရှဒေသကို ရောက်ရှိနေတဲ့ အမေရိကန်ုနိုင်ငံခြားရေး ဝန်ကြီး Antony Blinken က မြန်မာပြည်သူပြည်သားတွေရဲ့အခွင့်အရေးကို လေးစားမှုမရှိတဲ့ စစ်ခေါင်းဆောင်တွေကို ဆက်ပြီး ရင်ဆိုင်သွားမယ်လို့ ဒီကနေ့ အင်္ဂါနေ့မှာပြောပါတယ်။

“တရားလက်လွတ် အကြမ်းဖက်မှုကျူးလွန်နေတဲ့မြန်မာစစ်ကောင်စီကို ဖိအားပေးဖို့၊ တရားမဝင် ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ပြန်ရောက်လာရေးတို့အတွက် လုပ်ဖော် ကိုင်ဘက်၊ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့” - ဝန်ကြီး Blinken က အင်ဒိုနီးရှားနိုင်ငံမှာ ပြောသွားတာပါ။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့သဘောဆန္ဒအတိုင်း ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး ဘက်ပေါင်းစုံပါဝင်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဖို့ အကြံပြုချက်အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဘုံသလောတူညီမှု ၅ ရပ်ကို ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့လည်း ဝန်ကြီး Blinken က ပြောဆိုသွားပါတယ်။

ဒါ့အပြင် အင်ဒိုပစိဖိတ်ဒေသမှာ လွတ်လပ်မှုနဲ့ပွင့်လင်းမြင်သားမှုရှိရေးအတွက် မဟာမိတ်နိုင်ငံတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်သွားမယ်လို့ ဝန်ကြီး Blinken က ပြောဆိုခဲ့ပါတယ်။ ဒေသတွင်းရင်ဆိုင်နေရတဲ့ခြိမ်းချောက်မှုတွေကိုလည်း အခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အကောင်းဆုံးတုံ့ပြန်နိုင်မယ်လို့လည်း သူက ပြောပါတယ်။

လူသားတွေ တိုင်းပြည်တွေအနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ကိုယ့်သဘောနဲ့ လွတ်လပ်စွာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်ရှိအောင် အမေရိကန်ပြည်ထောင်စုက လိုလားကြောင်းနဲ့ နိုင်ငံတခုရဲ့ အင်အား၊ သံတမန်ရေး၊ စစ်ရေးနဲ့ ထောက်လှမ်းရေးကိစ္စတွေ ခြုံငုံပါဝင်တဲ့ နည်းဗျူဟာတွေကို မဟာမိတ်နိုင်ငံတွေနဲ့အတူ အနီးစပ် ဆုံး ရေးဆွဲသွားမယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။ တောင်တရုတ်ပင်လယ်တွင်း လွတ်လပ်စွာရေကြောင်းသွားလာမှုရှိရေး အမေရိကန်က ဆောင် ရွက်ပေးသွားမယ်လု့ိလည်း ထပ်လောင်း ကတိပြုပြောဆိုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ရေပြင်အတွင်း တရုတ်တို့ရဲ့အပြုအမူကြောင့် နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံတန်ဖိုးရှိတဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ အပေါ် ခြိမ်းချောက်မှုတွေရှိနေတယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။ ဝန်ကြီး Blinken ဟာ ဒီကနေ့ အင်္ဂါနေ့မှာ မလေးရှားနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ကြာသပတေးနေ့မှာ အမေရိကန်ကို ပြန်လာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]








#MyanmarMilitaryCoup #MyanmarUS #VOABurmese


===============

XS
SM
MD
LG