သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ဆန္ဒပြမှု ယာဉ်ကျောတွေပိတ်ဆို့


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း အစိုးရဆန့်ကျင်ဆန္ဒပြနေသူများ (ဇန်နဝါရီ ၁၃၊ ၂၀၁၄)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း အစိုးရဆန့်ကျင်ဆန္ဒပြနေသူများ (ဇန်နဝါရီ ၁၃၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ ထောင်ပေါင်းများစွာသော အစိုးရဆန့်ကျင် ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးကနေ ဖယ်ရှားပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲတွေကို ဟန့်တားသွားဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုအတွင်း ဘန်ဂောာက်မြို့က လမ်းဆုံလမ်းခွနေရာတွေနဲ့ မီးပွိုင့်တွေမှာ ယာဉ်ကြောတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

ဘန်ကောက်မြို့ရဲ့ အဓိက စီးပွားရေး အချက်အချာနေရာတွေမှာ ဒီလို ယာဉ်ကြော ပိတ်ဆို့တဲ့အထိ ဆန္ဒပြခဲ့ကြပေမဲ့လို့ မြို့ရဲ့နေရာ အတော်များများမှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုတွေကတော့ ဆက်ပြီး ရှိနေပါတယ်။

မြို့တော်မှာ လုံခြုံရေးဝန်ထမ်းတွေ ထောင်နဲ့ချီ ဖြန့်ကျက် ချထားပေမဲ့ ဆန္ဒပြသူတွေကိုတော့ သူတို့က အနှောက်အယှက် မပေးခဲ့ပါဘူး။ လတွေနဲ့ချီ ဆန္ဒပြပွဲတွေ အဆုံးသတ်စေဖို့၊ ဝန်ကြီးချုပ်ယင်းလပ်က လွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲ စောကျင်းပဖို့ ပြောဆိုထားသလို နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး ကောင်စီ ဖွဲ့စည်းဖို့လည်း အဆိုပြုထားပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေကတော့ ဒါကို မလုံလောက်ဘူးဆိုပြီး လက်ရှိအစိုးရနေရာမှာ တရားဝင်ရွေးကောက် တင်မြောက်မထားတဲ့ ပြည်သူ့ကောင်စီတရပ် ဖွဲ့စည်းဖို့ကိုပဲ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေအနေနဲ့ လိုအပ်ရင် ဘန်ကောက်မြို့တော် တခုလုံး လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် ပိတ်ဆို့ဆန္ဒပြသွားမယ့်အကြောင်း ဆန္ဒပြခေါင်းဆောင်က တနင်္လာနေ့မှာ ပြောခဲ့တာပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဒီလို လူစုလူဝေး ဆန္ဒပြမှုကြီးတွေနဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်နေတာကြောင့် ဘန်ကောက်မြို့ကို ဆေးကုသမှု ခံယူဖို့အတွက် သွားကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ခရီးစဉ်တွေလည်း သိသိသာသာ လျော့နည်းသွားပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပျံသန်းတဲ့ လေကြောင်းလိုင်း ခရီးစဉ်တွေ ရပ်စဲတာ၊ ရွှေ့ပြောင်းလိုက်တာမျိုးတွေ မရှိပေမဲ့ ခရီးသွားဦးရေကတော့ ထက်ဝက် လျော့ကျသွားတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI ရဲ့ ဈေးကွက်မန်နေဂျာ ဒေါ်အေးမရသာ ကပြောပါတယ်။

ဘန်ကောက်မြို့ ဆေးရုံတချို့မှာ ဆေးကုသမှုခံယူနေတဲ့ မြန်မာလူနာတချို့ ကိုယ်နိုင်ငံကို ပြန်သွားကြတွေလည်း ရှိသလို ဒီရက်ပိုင်းတွင်း အရေးပေါ် အခြေအနေကလွဲလို့ ကျန်တဲ့ခရီးစဉ်တွေကိုတော့ ရွှေ့ဆိုင်းတာ တွေ့ရတဲ့အကြောင်း မြန်မာအများစု ဆေးသွားကုလေ့ရှိတဲ့ ဘန်ကောက်မြို့ ဘမ်မိုဂရက် ဆေးရုံး၊ ရန်ကုန်ရုံးခွဲရဲ့ ပြောခွင့်ရှိသူ က ပြောပါတယ်။
XS
SM
MD
LG