သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Awlaki သုတ်သင်မှု CIA ကြီးကြပ်


Awlaki သုတ်သင်မှု CIA ကြီးကြပ်
Awlaki သုတ်သင်မှု CIA ကြီးကြပ်

အမေရိကန်နဲ့ ယီမင်အာဏာပိုင်တွေ အလိုရှိနေတဲ့ အမေရိကန်နိုင်ငံဖွား အစွန်းရောက် မူစလင် တရားဟောဆရာ Anwar al-Awlaki ဟာ လေကြောင်းတိုက်ခိုက်မှု တခုအတွင်း မနေ့က သေဆုံးသွားပြီဖြစ်ပါတယ်။ သတင်းတွေအရတော့ ဒီတိုက်ခိုက်မှုကို အမေရိကန်ဗဟိုထောက်လှမ်းရေး စီအိုင်အေက လုပ်တာလို့ ဆိုပါတယ်။

သူဟာ ယီမင်အရှေ့ဘက်မှာ ကားတန်းနဲ့ခရီးသွားနေတုန်း သောကြာနေ့အစောပိုင်းမှာ အဝေးထိန်းဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။ အခုလို Awlaki သေဆုံးသွားတာဟာ အယ်လ်ခိုင်းဒါးအုပ်စုတွေထဲ အတတ်ကြွဆုံးလို့ ဆိုရမယ့် ယီမင် အယ်လ်ခိုင်းဒါးအဖွဲ့အတွက် ပြင်းထန်တဲ့ ထိုးနှက်မှုဖြစ်သွားစေတယ်လို့ သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

Awlaki သေဆုံးသွားတာကိုကြည့်မယ်ဆိုရင် အယ်လ်ခိုင်းဒါးတွေနဲ့ သူနဲ့ပတ်သက်တဲ့ အစုအဖွဲ့တွေအနေနဲ့ ဘယ်မှာမှ သူတို့အတွက် လုံခြုံစိတ်ချစရာ နေရာမရှိဘူးဆိုတာကို ပြသတာပဲလို့ သမ္မတအိုဘားမားက ဝါရှင်တန်ဒီစီအပြင်မှာလုပ်တဲ့ စစ်အခမ်းအနားတခုမှာ ပြောသွားပါတယ်။

အကြမ်းဖက်သမားတွေအဖို့တော့ အခုနှစ်ဟာ ဆိုးရွားတဲ့နှစ်တနှစ်ပါပဲလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta ကလည်း ပြောပါတယ်။ Awlaki ဟာ အယ်လ်ခိုင်းဒါးရဲ့ စစ်ဆင်ရေးမှူးတဦးဖြစ်ပြီး အခုတော့ သူမရှိတော့တာကြောင့် အမေရိကန်ပြည်ထောင်စုဟာ ပိုပြီး စိတ်ချလုံခြုံသွားတယ်လို့လည်း ပြောပါတယ်။

Awlaki ကိုတိုက်ခိုက်တဲ့ ဒီစစ်ဆင်ရေးကို အမေရိကန် ဗဟိုထောက်လှမ်းရေးနဲ့ အမေရိကန် အထူး ပူးတွဲစစ်ဆင်ရေးအဖွဲ့ကနေ ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အနောက်နိုင်ငံ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အမေရိကန် အထူး ပူးတွဲစစ်ဆင်ရေးအဖွဲ့ဟာ အိုစမာလာဒင်ကို သုတ်သင်တဲ့ စစ်ဆင်ရေးမှာလည်း ဦးဆောင်ခဲ့တဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေးအဖွဲ့ ဖြစ်ပါတယ်။

Awlaki နဲ့အတူ Samir Khan အပါအဝင် စစ်သွေးကြွအချို့လည်း သေဆုံးသွားပါတယ်။ Samir Khan ဟာ ပါကစ္စတန်နွယ် အမေရိကန်ဖြစ်ပြီး အယ်လ်ခိုင်းဒါး မြေအောက်မဂ္ဂဇင်းတခုကို ထုတ်ဝေသူဖြစ်ပါတယ်။ သူတို့စာစောင်ကို အင်္ဂလိပ်ဘာသာနဲ့ဖော်ပြပြီး အင်တာနက်မှာ တင်တာဖြစ်ပါတယ်။

အမေရိကန်လေကြောင်းလိုင်းတခုကို ၂၀၀၉ ခုနှစ်မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုအပါအဝင် တခြား အကြမ်းဖက်လုပ်ငန်းတွေအတွက် Anwar al-Awlaki ကို အမေရိကန်ရော ယီမင်အာဏာပိုင်တွေကပါ အလိုရှိနေကြတာဖြစ်ပါတယ်။

သူဟာ အမေရိကန်နိုင်ငံ Texas ပြည်နယ်က စစ်အခြေစိုက်စခန်းတခုကို မူစလင်ဘာသာဝင် အမေရိကန် စစ်သားတစ်ယောက်က အကြမ်းဖက် တိုက်ခဲ့တဲ့နေရာမှာ အကြံပေးခဲ့တာအပါအဝင် မနှစ်က ယီမင်နိုင်ငံမှာ ပြင်သစ်နိုင်ငံသားတစ်ယောက်ကို သတ်ဖြတ်ခဲ့မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆခံထားရသူ ဖြစ်ပါတယ်။

XS
SM
MD
LG