သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အေပီသတင်းထောက် ဒေါ်အေးအေးဝင်း သတင်းထူးချွန်ဆု ရရှိ


စားပွဲဝိုင်းတွင် အင်္ကျီအဖြူနဲ့ ထိုင်နေသူ ဒေါ်အေးအေးဝင်း (၁ ဧပြီ ၂၀၁၃)
စားပွဲဝိုင်းတွင် အင်္ကျီအဖြူနဲ့ ထိုင်နေသူ ဒေါ်အေးအေးဝင်း (၁ ဧပြီ ၂၀၁၃)
အမေရိကန် ပြည်ထောင်စု Missouri သတင်းမီဒီယာ တက္ကသိုလ်က ၂၀၁၃ ခုနှစ်အတွက် ပေးအပ်တဲ့ သတင်းပညာမှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်မှု ဆုရှင်တွေထဲမှာ အေပီသတင်းဌာနက မြန်မာနိုင်ငံဆိုင်ရာ ဌာနေသတင်းထောက် ဒေါ်အေးအေးဝင်းကို ချီးမြှင့်ပေးအပ်လိုက်ပါတယ်။ သတင်းဂုဏ်ထူးဆောင်ဆုရှင် အေပီသတင်းဌာနရဲ့ သတင်းစာဆရာမ ဒေါ်အေးအေးဝင်းကို ဆက်သွယ်မေးမြန်းပြီး မဆုမွန် က တင်ပြထားပါတယ်။

Missouri ပြည်နယ် ကိုလံဘီယာမြို့မှာရှိတဲ့ Missouri သတင်းမီဒီယာတက္ကသိုလ်က ၂၀၁၃ ခုနှစ်အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ သတင်းပညာ ထူးချွန်ဆုရယူသူ ၈ ဦးထဲမှာ အေပီသတင်းဌာနက မြန်မာဌာနေသတင်းထောက် ဒေါ်အေးအေးဝင်းလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ဒေါ်အေးအေးဝင်းနဲ့အတူ ဆုရရှိသူတွေထဲမှာ နာမည်ကျော် New York Times နဲ့ Washington Post က Pulitzer သတင်းဓာတ်ပုံ ဆုရှင်နှစ်ဦးလည်း ပါဝင်ပါတယ်။

ဒီဆုဟာ သတင်းလောကမှာ အထင်ကရ စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်ခဲ့သူတွေကို ဂုဏ်ယူချီးမြှင့်တဲ့ အထင်ကရ ဆုလည်းဖြစ်ပါတယ်။ အခုလို ဆုချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး ဆုရှင် ဒေါ်အေးအေးဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“Journalism Field မှာ လုပ်လာတာ ကြာပြီးတော့ သူတို့က Distinguished ဖြစ်တဲ့လူတွေကိုပေးတဲ့ Honor Medal လို့ပြောပါတယ်။ အဲဒီတော့ အန်တီ အနေနဲ့ကတော့ ထူးတော့ ထူးဆန်းတာပေါ့။ ကိုယ်က မမျှော်လင့်ထားတော့လေ။ အံ့သြတော့ သွားတာပေါ့။ အံ့လည်းအံ့သြတယ် ဝမ်းလည်းဝမ်းသာပါတယ်။”

ဒီဆုရှင်တွေကို လာမယ့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု Missouri တက္ကသိုလ်မှာ ဆုချီးမြှင့်ပေးအပ်မှာဖြစ်ပြီး ဆုကိုကိုယ်တိုင် လက်ခံယူဖို့ စီစဉ်နေပါတယ်လို့ ဒေါ်အေးအေးဝင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်က နိုင်ငံတကာ မီဒီယာ အမျိုးသမီး ဖောင်ဒေးရှင်းက အမျိုးသမီး သတင်းထောက်တစ်ဦးအနေနဲ့ သတင်းရယူတဲ့ နေရာမှာ သတ္တိပြောင်မြောက်တဲ့ ဆုကို ဒေါ်အေးအေးဝင်းကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါသေးတယ်။

၂၀၀၈ ခုနှစ်မှာပဲ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ဒဏ်ခံနေရချိန် သတင်းကို စွမ်းစွမ်းတမံ သတင်းပေးပို့နိုင်ခဲ့တဲ့ အေပီသတင်း အယ်ဒီတာတွေနဲ့ သတင်းထောက်တွေကို အေပီသတင်းဌာနက ပေးအပ်တဲ့ ဂုဏ်ပြုဆုကိုလည်း ဒေါ်အေးအေးဝင်း လက်ခံရရှိခဲ့ပါသေးတယ်။

၂၀၀၄ ခုနှစ်တုန်းကလည်း အေပီသတင်းဌာနက ချီးမြှင့်တဲ့ Oliver S Gramling ထူးချွန်ဆုကိုလည်း လက်ခံရရှိခဲ့ပါတယ်။ ဒီလို သတင်းထူးချွန်ဆုတွေ သူ့အနေနဲ့ ရရှိခဲ့ရတာဟာ သတင်းသမားတယောက်အနေနဲ့ ကိုယ့်ရဲ့ယုံကြည်ချက်၊ ခံယူချက်ကို ခိုင်ခိုင်မာမာ စွဲမြဲလက်ကိုင် ရပ်တည်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဒေါ်အေးအေးဝင်းက ဆိုပါတယ်။

“ဒီလို ဆုတွေပေးတော့ တခုသတိထားမိတာကတော့ ကိုယ်ကတခုခုကို ယုံယုံကြည်ကြည်နဲ့ တစိုက်မတ်မတ် အလုပ်တခုကိုလုပ်လို့ရှိရင် အသိအမှတ်ပြု ခံရတယ် ဆိုတာကိုတော့ နောင် မီဒီယာလောကထဲမှာ ရှိတဲ့သူတွေအတွက် အားတက်စရာလို့ အန်တီကတော့ မြင်ပါတယ်။ ကိုယ့်အတွက်တင် မဟုတ်ဘူး၊ ကိုယ်ထင်တယ် ဒီမြန်မာပြည်မှာဆိုလို့ရှိရင် မီဒီယာလုပ်ငန်းကို စိတ်ပါဝင်စား လုပ်နေတဲ့ လူငယ်တွေ အများကြီး ရှိတယ်လေ။ အဲဒီလို လူငယ်တွေ အားလုံးအတွက် အားတက်စရာလို့ပဲ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကိုယ်ဘယ်လောက်ဇွဲနဲ့ ယုံကြည်ချက်နဲ့လုပ်ရင် ဒါတွေဟာ အသိအမှတ်ပြုတယ်ပေါ့။ သဲထဲရေသွန် ဖြစ်သွားတဲ့ ကိစ္စတွေ မဟုတ်ဘူးပေါ့။”

အရင်စစ်အစိုးရလက်ထက် သတင်းမီဒီယာနဲ့ စာပေစာနယ်ဇင်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အခု အရပ်သား အစိုးရလက်ထက် မီဒီယာ ပွင့်လင်း လွတ်လပ်မှုတွေကတော့ စတင် တိုးတက်လာချိန် ဖြစ်ပါတယ်။ အခုအချိန်မှာတော့ သတင်းသမားတွေကို ဖမ်းဆီးအရေးယူခံရမှာကို စိုးရိမ်ကြောက်လန့်နေရတဲ့ အန္တရာယ်များတဲ့ အနေအထားကိုတော့ ကျော်လွန်သွားပြီ ဖြစ်တယ်လို့ ဒေါ်အေးအေးဝင်းက ဆိုပါတယ်။

“အရင်တုန်းက အလုပ်လုပ်လို့ရှိရင် အချိန်မတော် ဘယ်သူများ ငါ့လာတံခါးခေါက်မလဲ စိုးရိမ်ကြောင့်ကြမှုနဲ့ လုပ်ခဲ့တဲ့နှစ်တွေ အများကြီးရှိခဲ့တယ်။ အခုဒီ ၁ နှစ်ခွဲ ၂ နှစ်လောက် ကာလမှာတော့ ညတော့ ဘယ်သူမှ တံခါးမခေါက်ဘူးလို့ စိတ်အေးအေးနဲ့ အိပ်ရတယ်ပေါ့။ အဲဒီတော့ ပွင့်လင်းလွတ်လပ်မှုက ညကောင်းကောင်း အိပ်လို့ရတာနဲ့ပဲ တိုင်းတာ ပြောရမှာပေါ့။”

လိုအပ်နေသေးတဲ့ မီဒီယာ လွတ်လပ်ခွင့်တွေအတွက် သတင်းသမားတွေနဲ့ ထပ်တူ ရပ်တည်သွားမှာ ဖြစ်တယ်လို့ သတင်းမီဒီယာ ပွင့်လင်းလာမှုကို ဒေါ်အေးအေးဝင်းက ပြောဆိုပါတယ်။

“မီဒီယာသမားဆိုတာ Freedom of Expression ကို သူက အဓိကပြောမှာပဲ။ အစိုးရ ဆိုတာကလည်း သူကလည်း သူ့အနေနဲ့ သူ့လုံခြုံရေး ဘယ်လိုကာကွယ်ရမလဲ ဆိုတာပဲ အမြဲတမ်း ပြောနေမှာပဲ။ အဲဒီတော့ ၂ ဘက်စလုံးကတော့ သူ့ဘက်ကိုယ့်ဘက် ဆိုတာတော့ ရှိတာပေါ့။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကတော့ မီဒီယာသမား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သတင်းစာလွတ်လပ်ခွင့် အတွက်ကို အနှောက်အယှက်ဖြစ်မယ် ထင်တာတွေ အကုန်လုံးကိုတော့ လုံးဝလက်မခံတဲ့ အထဲမှာ ပါတာပေါ့။”

မြန်မာနိုင်ငံတွင်း မီဒီယာ ပွင့်လင်းလွတ်လပ်မှု ရှိလာတဲ့ အနေအထားမှာ လူငယ်မျိုးဆက်သစ် သတင်းထောက်တွေ ပေါ်ထွက်လာချိန်လည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက် လူငယ်သတင်းထောက်တွေအနေနဲ့ သတင်းမီဒီယာ ကျင့်ဝတ်ကို လေးစားလိုက်နာကျင့်သုံးကြဖို့ အရေးကြီးတယ်လို့လည်း သတင်းဂုဏ်ထူးဆောင်ဆုရှင် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

Missouri သတင်းစာပညာ တက္ကသိုလ်က ချီးမြှင့်တဲ့ ဒီသတင်းပညာဆိုင်ရာ သတင်းလုပ်ငန်းတွေမှာ ထူးချွန်စွာ စွမ်းဆောင်နိုင်သူတွေကို ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ထူးချွန်ဆုတွေကို ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ လို နိုင်ငံခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကိုလည်း ဂုဏ်ပြု ပေးအပ်ခဲ့ဖူးပါတယ်။
XS
SM
MD
LG