သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ဆက်ဆံရေး အဆင့်မြှင့်ဖို့ အိုဘားမားကြိုးပမ်း


အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ နောက်ထပ်အဆင့်သစ် တခုကို တိုးမြှင့်လိုတဲ့အကြောင်း သမ္မတ Barack Obama က ပြောပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ ၂ ရက်ကြာ ဘေဂျင်းမြို့တော်က တွေ့ဆုံပွဲ ပထမနေ့မှာတော့ သမ္မတက လွတ်လွတ်လပ်လပ် ဝတ်စားဆင်ယဉ်ပြီး ညစာစားခဲ့သလို၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာလည်း သီးသန့် တွေ့ဆုံဖို့ စီစဉ်ထားတာပါ။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့အခါ တကမ္ဘာလုံး အကျိုးရှိမှာ ဖြစ်တဲ့အကြောင်းလည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက ဦးဆောင်တဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန်နယ်မြေအတွက် ကနဦးအနေနဲ့ သဘောတူညီခဲ့ကြတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေးပွဲ ကျင်းပနေချိန်မှာပဲ အမေရိကန်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံနေကြတာပါ။

တရုတ်နိုင်ငံ မပါဝင်တဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး စာချုပ်အစား၊ အာရှ-ပစိဖိတ်ဒေသ လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန်နယ်မြေ FTAAP ကို APEC ခေါင်းဆောင်တွေ သဘောတူခဲ့ကြတဲ့အတွက် တရုတ်နိုင်ငံအတွက် အောင်မြင်မှုလည်း ဖြစ်ခဲ့ပါတယ်။

APEC ညီလာခံအတွင်း တရားမဝင် တောရိုင်းတိရစ္ဆာန် မှောင်ခိုမှုနဲ့ တရားမဝင် သစ်ခုတ်လှဲမှုတွေကို ထိန်းသိမ်းရေး၊ လေကြောင်းလုပ်ငန်းတွေက ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုတွေကို လျှော့ချရေး၊ သမုဒ္ဒရာနဲ့ ကမ်းရိုးတန်းဒေသတွေက အရင်းအမြစ် ထုတ်လုပ်မှုတွေကို စီမံခန့်ခွဲရေး စတာတွေ အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်တွေကိုလည်း သဘောတူညီမှု ရခဲ့ကြပါတယ်။

XS
SM
MD
LG