သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအရ ပိုပြီး ပူးပေါင်းလုပ်ဆောင်ဖို့ APEC ခေါင်းဆောင်များ ကတိပြု


အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာရှပစိဖိတ် နိုင်ငံတွေရဲ့ APEC အစည်းအဝေးဟာ အင်္ဂါနေ့မှာ ပြီးဆုံးသွားပြီဖြစ်ပြီး ဒေသတွင်း နိုင်ငံတွေကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ခုထက်ပိုပြီး ပူးတွဲလုပ်ဆောင်မှာ ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက ကတိပေးလိုက်ကြပါတယ်။

ယိုင်နဲ့နေတဲ့ ကမ္ဘာ့စီးပွားရေး ပြန်ပြီး နာလန်ထူလာစေဖို့အတွက် အခုလို အာရှပစိဖိတ် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေက အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ အစည်းဝေးအပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အပမ်းဖြေစခန်းမှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းဝေးဟာ အောင်မြင်မှု ရှိခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုရိုနို (Susilo Bambang Yudhoyono) ကပြောပါတယ်။

ဒေသတွင်းမှာ စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ သောက်သုံးရေ ပြဿနာ မပေါ်အောင် ကာကွယ်ရေးအတွက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း အာရှပစိဖိတ် ဒေသတွင်းက အဖွဲ့ဝင် ၂၁ နိုင်ငံ ပါဝင်တဲ့ APEC အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုကျင်းပတဲ့ အစည်းဝေးကနေ TPP လို့ခေါ်တဲ့ အမေရိကန် ဦးဆောင်တဲ့ ဒေသတွင်း ကုန်သွယ်မှုအဖွဲ့အတွက် သဘောတူညီချက်တွေ ရဖို့ အဆင့်မြင့် ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) ကတော့ TPP အဖွဲ့ထဲမှာ ပါဝင်တဲ့ နိုင်ငံ ၁၁ နိုင်ငံ ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အခုထိတော့ သတင်း တစုံတရာ မထုတ်ပြန်သေးပါဘူး။

ဒီအစည်းဝေးကို အမေရိကန် သမ္မတ ဘဲရက်ခ် အိုဘားမား (Barack Obama) ကိုယ်တိုင် တက်ရောက်ဖို့ စီစဉ်ထားပေမယ့် နိုင်ငံတွင်း အစိုးရလုပ်ငန်း တစိတ်တဒေသကို ရပ်ဆိုင်းသွားစေတဲ့ အသုံးစားရိတ် ချထားရေးဆိုင်ရာ ကိစ္စရပ်တွေ ဖြေရှင်းနေရတာမို့ ဝန်ကြီး ကယ်ရီ ကိုယ်စား တက်ရောက်တာ ဖြစ်ပါတယ်။
XS
SM
MD
LG