သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ညီလာခံ စီးပွားရေးနဲ့ လုံခြုံရေး အဓိကဆွေးနွေးမည်


အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို အာရှ-ပစိဖိတ် ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းပြောကြားစဉ်။
အင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို အာရှ-ပစိဖိတ် ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းပြောကြားစဉ်။
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Asia-Pacific Economic Cooperation forum – APEC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း အပမ်းဖြေစခန်းမှာ ဒီကနေ့စတင်ကျင်းပမယ့် နှစ်ရက်ကြာ ထိပ်သီးညီလာခံကို တက်ရောက်နေကြပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ တခြားဒေသတွင်း ကိစ္စတွေကို ဆွေးနွေးနေကြပါတယ်။

ညီလာခံအဖွင့်မိန့်ခွန်းပြောဆိုရာမှာ အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono က APEC အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံအနေနဲ့ ကျဆင်းနေတဲ့ ကမ္ဘာ့စီးပွားရေး ပြန်လည် နလံထူလာဖို့အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြဖို့ တိုက်တွန်းသွားပါတယ်။

ညီလာခံအတောအတွင်း အာရှထိပ်တန်း စီးပွားရေး အကြီးအကဲတွေနဲ့ တွေ့ဆုံရာမှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ဂျပန်နိုင်ငံရဲ့စီးပွားရေး တောင့်တင်းလာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်ဆိုပြီး သူ့အနေနဲ့ ကတိပေးထားခဲ့တဲ့အတိုင်း အခိုင်အမာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ ထိပ်သီးညီလာခံကြီးရဲ့ သဘောထားကြေညာချက်ကို အင်္ဂါနေ့မှာ ထုတ်ပြန်လိမ့်မယ်လို့ မီဒီယာသတင်းတွေမှာ ဖော်ပြကြပါတယ်။

APEC အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံကလည်း Trans-Pacific Partnership လို့ခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်မှု နယ်မြေအရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးနေကြပါတယ်။ အဲဒီနိုင်ငံတွေကတော့ သြစတေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီးရူး၊ စင်္ကာပူ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဗီယက်နမ် တို့ဖြစ်ကြပါတယ်။
XS
SM
MD
LG