သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အလိုကျ အာရှ-ပစိဖိတ်ကုန်သွယ်ဇုံ APEC သဘောတူ


တရုတ်နိုင်ငံ၊ ပီကင်းမြို့တော်မှာ ကျင်းပတဲ့ APEC အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံက ဦးဆောင်တင်ပြတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဇုံအတွက် ပဏာမ ခွင့်ပြုပေးလိုက်ပါပြီ။

အမေရိကန် ဦးဆောင်တင်ပြတဲ့ အစီအစဉ်အစား လွတ်လပ်စွာ ကုန်သွယ်ခွင့်ရရေး ကြိုးစားနေခဲ့တဲ့ တရုတ်အစိုးရအတွက် ဒီလိုခွင့်ပြုချက် ရလိုက်တာဟာ အောင်မြင်မှုတရပ်လို့ မြင်ကြပါတယ်။

တရုတ်သမ္မတ Xi Jinping က ဒီလိုထောက်ခံမှုရတာဟာ သမိုင်းဝင် အဖြစ်ပဲလို့ APEC အစည်းအဝေးပွဲ အပြီးမှာ အင်္ဂါနေ့က ပြောသွားပါတယ်။ ဒီလို အင်္ဂါနေ့က ထောက်ခံမှုရတာဟာ လွတ်လပ်စွာ ကုန်သွယ်ရေးအတွက် အစပျိုးလုပ်ဆောင်ဖို့ ဘယ်လိုအထောက်အကူ ဖြစ်စေသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ဒီကိစ္စကို အောင်မြင်အောင် ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ ၂ နှစ် လေ့လာရှာဖွေခွင့် ရတာက လောလောဆယ် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ရလဒ်ပါပဲ။

တရုတ်နိုင်ငံကို သိသိသာသာ ချန်ထားတဲ့ ပစိဖိတ်သမုဒ္ဒရာ တဘက်တချက် နိုင်ငံများ ပူးပေါင်းဆောင်ရွတ်မှုှဆိုတဲ့ အမေရိကန်က သဘောကျတဲ့ နယ်မြေသတ်မှတ်ရေးနဲ့လည်း ဘာမှအနှောင့်အယှက် မရှိပါဘူးဆိုပြီးလည်း အမေရိကန် အရာရှိတွေက ဒီအစီအစဉ်ကို ကြိုဆိုပါတယ်။

ပီကင်းမြို့တော်မှာ အင်္ဂါနေ့မှာ အဆုံးသတ်တဲ့ APEC ထိပ်သီးဆွေးနွေးပွဲမှာ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုတွေအတွက် အဓိကအလေးပေး ဆွေးနွေးခဲ့ကြသလို အမေရိကန် သမ္မတ Barak Obama အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ တရုတ်ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတော့လည်း ဒီကိစ္စပဲ အဓိက ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အင်္ဂါနေ့ ညပိုင်းမှာတော့ သမ္မတ အိုဘားမားနဲ့ တရုတ် သမ္မတ Xi တို့ ညစာအတူ သုံးဆောင်မှာပါ။ ဗုဒ္ဓဟူးနေ့မှာဆိုရင် Mr. Obama ရဲ့ နိုင်ငံတော်ခရီးစဉ် တစိတ်တဒေသအဖြစ် တရားဝင်ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်မှာပါ။

အင်္ဂါနေ့ အစောပိုင်းကတော့ အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်တွေအပေါ် ကောက်ခံတဲ့ အခွန်တွေကို ပယ်ဖျက်ပေးမယ့် ထူးခြားတဲ့ သဘောတူညီချက် တခုကို အမေရိကန်နဲ့ တရုတ်တို့ ရရှိသွားကြပါတယ်။

XS
SM
MD
LG