[[Zawgyi/Unicode]]
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာကျင်းပနေတဲ့ APEC အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးပွဲမှာ စီးပွားရေးတိုးတက်မှုဆိုင်ရာ ထိုင်းအဆိုပြုချက်ကို အတည်ပြုနိုင်ဖို့ ထိုင်းနိုင်ငံက မျှော်လင့်နေပါတယ်။
APEC ရဲ့ဘန်ကောက်ရည်မှန်းချက် APEC's Bangkok Goals စီးပွားရေးတိုးတက်မှုလမ်းပြမြေပုံကို ကမ္ဘာ့ခေါင်းဆောင်တွေ ချမှတ်နိုင်ဖို့ မျှော်လင့်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းမှာ အခုလို ပြောကြားသွားခဲ့ပါတယ်။
“APEC ရဲ့ စီးပွါးရေးဆိုင်ရာ ဘန်ကောက်ရည်မှန်းချက်ကို ထိုင်းကအဆိုပြုထားပြီး ဒါဟာ APEC ရဲ့ စီးပွားရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲရေး ရည်မှန်းချက်တွေကို အထောက်အကူဖြစ်မှာဖြစ်တယ်” လို့ ဝန်ကြီးချုပ် Prayuth က ပြောခဲ့တာပါ။
ဒီ ထိုင်းအဆိုပြုချက်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြိုးပမ်းမှု၊ ရေရှည်တည်တံ့တိုးတက်တဲ့ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှု၊ သဘာဝ ဝန်းကျင်ထိန်းသိမ်းမှုနဲ့ အရင်းအမြစ်တွေမဆုံးရှုံးဘဲ တွက်ခြေကိုက်မှုစတဲ့ APEC ရည်မှန်းချက်တွေကို ဖြည့်ဆီးပေးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် Prayuth က ပြောကြားခဲ့ပါတယ်။ APEC အဖွဲ့ဝင် ၂၁ နိုင်ငံက ထိပ်တန်းအရာရှိတွေ ၄ နှစ်အတွင်း ပထဆုံး လူကိုယ်တိုင်တက်တဲ့ အစည်းအဝေးဖြစ်တာမို့ အာရှ-ပစိဖိတ်ဒေသတွင်း အလားအလာကောင်းတွေ ပြလိုက်တာလို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
အာရှ Pacific ဒေသရင်ဆိုင်နေရတဲ့ ပြဿနာတွေ၊ ယူကရိန်းစစ်ပွဲအပါအဝင် နိုင်ငံတကာ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုတွေကို အခု APEC ညီလာခံမှာ ဆွေးနွေးနေကြတာဖြစ်ပါတယ်။
အမေရိကန်ဒုသမ္မတအပါအဝင် တရုတ်၊ ဂျပန်စတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ APEC ဆွေးနွေးပွဲမှာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းနဲ့ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုတွေကို အဓိက ဆွေးနွေးကြဖို့ရှိတယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။
APEC ခေါင်းဆောင်တွေ နက်ဖြန် သောကြာနေ့ ထိပ်သီးညီလာခံမှာ မဆွေးနွေးခင် ဘန်ကောက်မြို့တော်မှာ ရောက်နေကြတဲ့ ခေါင်းဆောင်တွေဟာ ၂ နိုင်ငံသီးခြားတွေ့ဆုံမှုတွေ လုပ်နေကြပါတယ်။
ဒီစည်းဝေးပွဲမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ပြင်သစ်စတဲ့ အဓိကစီးပွားရေးအင်အားကြီးနိုင်ငံတွေအပြင်၊ ကနေဒါ၊ သြစတျေးလျ၊ ရုရှား လက်တင်အမေရိကက ချီလီအပါအဝင်နဲ့ အာရှက တောင်ကိုရီးယား၊ ထိုင်ဝမ်၊ နောက် အရှေ.တောင်အာရှက ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ ဘရူနိုင်းနဲ့ ဗီယက်နမ်တို့လည်းတက်ရောက်နေပြီး အစိုးရ-ပုဂ္ဂလိကကဏ္ဍ ဆက်ဆံရေး တိုးမြှင့်သွားဖို့လည်း ရှိပါတယ်။
================
[[Unicode]]