သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာလုံးကြီးကို ပထမဆုံး ရောင်စုံဓါတ်ပုံ ရိုက်ခဲ့သူ အာကာသယာဉ်မှူးကြီး ကွယ်လွန်


အမေရိကန် အာကာသယာဥ်မှူးကြီး (ငြိမ်း) ‌William Anders လွန်ခဲ့တဲ့ ၅၅ နှစ်၊ ၁၉၆၈ ဒီဇင်ဘာလ ၂၄ ရက်နေ့မှ အာကာသထဲမှနေ ရိုက်ကူးခဲ့တဲ့ ရောင်စုံဓါတ်ပုံ ကမ္ဘာလုံးကြီး (Photo record: NASA)
အမေရိကန် အာကာသယာဥ်မှူးကြီး (ငြိမ်း) ‌William Anders လွန်ခဲ့တဲ့ ၅၅ နှစ်၊ ၁၉၆၈ ဒီဇင်ဘာလ ၂၄ ရက်နေ့မှ အာကာသထဲမှနေ ရိုက်ကူးခဲ့တဲ့ ရောင်စုံဓါတ်ပုံ ကမ္ဘာလုံးကြီး (Photo record: NASA)

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၅ ကျော်က လမျက်နှာပြင်ကနေ ကမ္ဘာကြီးကို လှမ်းမြင်နေရသလို၊ ပထမဆုံး သမိုင်းဝင် ရောင်စုံဓါတ်ပုံကို ရိုက်ကူးခဲ့သူ အမေရိကန် အာကာသယာဥ်မှူးကြီး ‌William Anders ဟာ သူမောင်းနေတဲ့ လေယာဥ်ငယ် ပျက်ကျပြီး ကွယ်လွန်သွားပါတယ်။ အသက် ၉၀ အရွယ်မှာ ကွယ်လွန်သွားတဲ့ Anders ဟာ အမေရိကန် အာကာသယာဉ်မှူးတွေရဲ့ ပထမဆုံး လကမ္ဘာခရီးစဥ် Apollo 8 အာကာသာယာဥ်မှာ လိုက်ပါသွားခဲ့သူ ၃ ဦးထဲကတဦး ဖြစ်ပါတယ်။

သူကိုယ်တိုင် မောင်းနှင်ပြီး သူတဦးတည်းသာပါတဲ့ လေယာဥ်ငယ်ဟာ သောကြာနေ့ မနက်ပိုင်းက ဝါရှင်တန်ပြည်နယ် ကမ်းလွန်မှာ ပျက်ကျ သွားခဲ့တာလို့ သားဖြစ်သူက အမေရိကန် သတင်းမီဒီယာတွေကို ပြောပါတယ်။ ပျက်ကျတဲ့နေရာမှာ ရှာဖွေမှုတွေ လုပ်နေဆဲဖြစ်ပြီး စနေနေ့ မနက်ပိုင်းအထိ အလောင်း ရှာမတွေ့သေးဘူးလို့ ရဲအရာရှိ Eric Peter က AFP သတင်းဌာနကို ပြောထားပါတယ်။

အာကာသယာဥ်မှူးကြီး Anders ဟာ ၁၉၆၈ ခုနှစ်က အမေရိကန် အာကာသယာဥ်မှူး Frank Borman နဲ့ James Lovell တို့နဲ့အတူ Apollo 8 အာကာသယာဉ်နဲ့ လကမ္ဘာကို သွားခဲ့ကြတာပါ။ သူတို့သုံးဦးဟာ လပတ်လမ်းကြောင်းထဲကနေ လကို ၁၀ ကြိမ်အထိ ပတ်ခဲ့ပြီး ကမ္ဘာမြေပြင်ပေါ်ကို အောင်အောင်မြင်မြင် ပြန်လည်ဆင်းသက်နိုင်ခဲ့ကြတာပါ။ အဲဒီခရီးစဥ်အတွင်း အာကာသယာဥ်မှူးကြီး ‌William Anders က ကမ္ဘာလုံးကြီးရဲ့ ပထမဆုံး ရောင်စုံဓါတ်ပုံကို အာကာသထဲကနေ ရိုက်ကူးပေးပို့ခဲ့ပါတယ်။

လမျက်နှာပြင်လည်းပါပြီး အာကာသထဲမှာ ကမ္ဘာလုံးကြီးတခြမ်း ပေါ်ထွက်လာနေသလို မြင်ရတဲ့ဓါတ်ပုံကြောင့် လူသားတွေအနေနဲ့ ကမ္ဘာဂြိုလ်ကြီးအပေါ် အမြင်ပြောင်းလဲသွားစေခဲ့တယ်လို့ သမိုင်းတင်ခဲ့ပါတယ်။ အာကာသစူးစမ်းမှု လုပ်ရတဲ့ အနှစ်သာရတွေကို လူတွေ သိရှိသဘောပေါက်အောင် လုပ်နိုင်ခဲ့သူ ဖြစ်တယ်လို့ အမေရိကန်အာကာသနဲ့ သိပ္ပံစူးစမ်းရေး NASA အကြီးအကဲ Bill Nelson က လူမှုကွန်ရက်မှာ သောကြာနေ့က ရေးသားပြီး ဂုဏ်ပြုခဲ့ပါတယ်။ အမေရိကန် ရေတပ်တက္ကသိုလ် ကျောင်းဆင်းတဦးဖြစ်တဲ့ အာကာသယာဉ်မှူးကြီး Anders ဟာ NASA ကို ၁၉၆၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး အဲ့ဒီမတိုင်ခင်ကတော့ အမေရိကန်လေတပ်မှာ လေယာဥ်မှူးတယောက် ဖြစ်ပါတယ်။

Forum

XS
SM
MD
LG