သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Apple အခွန်ဆောင်ဖို့ ဥရောပဆုံးဖြတ်ချက် ကန်ဝေဖန်


Apple နည်းပညာကုမ္ပဏီက အိုင်ယာလန်နိုင်ငံကို ပေးဆောင်သင့်တဲ့ အခွန် ၁၄.၅ ဘီလီယံ ပြန်ပေးဆောင်ဖို့ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်ကြောင်း အမေရိကန်အစိုးရက တုံ့ပြန်လိုက်ပါတယ်။

ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အဆုံးသတ်မှာတော့ အမေရိကန်နိုင်ငံက အခွန်ပေးဆောင်သူတွေကို ထိခိုက်နစ်နာစေလိမ့်မယ်လို့ သမ္မတ အိမ်ဖြူတော်ပြောခွင့်ရ Josh Earnest က ပြောပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ Apple ကုမ္ပဏီက အိုင်ယာလန်နိုင်ငံကို အခွန်ငွေ မဖြစ်မနေ ပေးဆောင်ရမယ်ဆိုရင် ကုမ္ပဏီက အမေရိကန်အစိုးရကို ပေးဆောင်ရမယ့် ဝင်ငွေခွန်ထဲက အဲဒီဘီလီယံနဲ့ချီတဲ့ ငွေတွေကို ပေးလိုက်ရမယ့် သဘောဖြစ်နေတယ်လို့ Josh Earnest က ပြောပါတယ်။

ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး နည်းပညာကုမ္ပဏီကြီးက အိုင်ယာလန်အစိုးရဆီကနေ မမျှတတဲ့ အခွန်ကင်းလွတ်ခွင့်တွေ ရနေပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံလုံးမှာ လုပ်ငန်းအမြတ်ခွန် အားလုံးနီးပါး မပေးဆောင်ရအောင် ရှောင်နေတာ ၁၀ စုနှစ် တခုကျော်ပြီလို့ ဥရောပကော်မရှင်က ပြောဆိုပြီး အခွန်ငွေတွေ ပြန်လည်ပေးဆောင်ဖို့ ပြောကြားခဲ့တာပါ။

အမေရိကန်အခြေစိုက် Apple ကုမ္ပဏီအကြီးအကဲ Tim Cook ကတော့ ဒီဆုံးဖြတ်ချက်ကို အယူခံပြန်ဝင်သွားမယ်လို့ ချက်ခြင်း တုံ့ပြန်ပြောကြားလိုက်ပြီး အိုင်ယာလန်ကလည်း အလားတူ ဆောင်ရွက်မယ့်အကြောင်း ပြောပါတယ်။

ဒါပေမဲ့ Apple ကုမ္ပဏီက ပေးဆောင်ရမယ့် အခွန်ပမာဏဟာ အိုင်ယာလန်တနိုင်ငံလုံးရဲ့ အမျိုးသားစီးပွားရေးပမာဏရဲ့ ၅% ရှိတာကြောင့် ပြန်ရမယ့် ငွေအတိုင်းအတာ များလွန်တာနဲ့၊ ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အိုင်ယာလန်နိုင်ငံဟာ နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် အခွန်ကောက်ခံမှုနှုန်းထား လျော့နည်းတယ်လို့ ရေရှည်တည်ရှိလာတဲ့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မယ့်အရေး ၂ ခုကြားမှာ ကျဉ်းထဲကြပ်ထဲရောက်သလို ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG