သုံးရလွယ်ကူစေသည့် Link များ

ကာလီဖိုးနီးယားပြည်နယ်မှာ ဒီဇင်ဘာလတုန်းက အကြမ်းဖက်ပုံစံ တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦး သေဆုံးခဲ့ရတဲ့ကိစ္စမှာ သေနတ်သမား ၂ ဦးအနက် ၁ ဦးအသုံးပြုခဲ့တဲ့ iPhone တခုကို FBI ဗဟိုအစိုးရထောက်လှမ်းရေးဌာနက စစ်ဆေးရေးမှာ ကူညီဖို့အတွက် အမေရိကန်အစိုးရက အမိန်ပေးတာကို Apple ကွန်ပြူတာ ကုမ္ပဏီက ငြင်းဆန်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက San Bernardino မှာ လူတွေကို သေနတ်ပစ်ခတ်ခဲ့မှုမှာ ပါဝင်ခဲ့တဲ့ ဇနီးမောင်နှံနှစ်ဦးမှာ ခင်ပွန်းဖြစ်သူ Syed Farook အသုံးပြုခဲ့တဲ့ iPhone ထဲက အချက်အလက်တွေကို သိရှိနိုင်ဖို့အတွက် Apple ကုမ္ပဏီထံ FBI က အကူအညီ တောင်းခံခဲ့တာဖြစ်ပါတယ်။

FBI စုံစမ်းစစ်ဆေးသူတွေက iPhone ရဲ့ Password ကို မသိတဲ့အတွက်ကြောင့် ဖုန်းထဲက အချက်အလက်တွေကို ရယူနိုင်ခြင်း မရှိခဲ့ဘူးလို့ ပြောပါတယ်။ Password ကို သိနိုင်ဖို့အတွက် ကြိမ်ဖန်များစွာ ဆန်းသပ်ကြည့်ပြီး မအောင်မြင်ခဲ့ရင် အချက်အလက်တွေအားလုံး အလိုအလျောက် ပျက်သွားနိုင်တဲ့ စနစ်ကို ကျော်လွှားနိုင်မယ့် Software တမျိုးကို Apple ကုမ္ပဏီအနေနဲ့ FBI က တီထွင်စေလိုတာ ဖြစ်ပါတယ်။

Apple အမှုဆောင်အရာရှိချုပ် Tim Cook ဟာ သူတို့ကုမ္ပဏီအနေနဲ့ တရားရုံးရဲ့ အမိန့်ကို စိန်ခေါ်သွားမယ်ဆိုတဲ့ ကြေညာချက်ကို ဗုဒ္ဓဟူးနေ့က ကုမ္ပဏီရဲ့ဖောက်သည် သန်းပေါင်းများစွာဆီ အိတ်ဖွင့်ပေးစာ ရေးသား ဖော်ပြလိုက်ပါတယ်။

ဒီတရားရုံးရဲ့အမိန့်ဟာ Apple ကုမ္ပဏီပိုင် လုံခြုံရေး အရေးယူ ဆောင်ရွက်မှုတွေကို တန်ပြန်နိုင်ဖို့ Software အသစ်တခု တီထွင်ဖို့ ညွှန်ကြားထားတဲ့အမိန့် ဖြစ်ပါတယ်။

အစိုးရရဲ့ ဒီလုပ်ရပ်ဟာ အစဉ်အလာမရှိတဲ့ လုပ်ရပ်ဖြစ်ပြီး နေရာတကာမှာ ၀င်ရောက်ချယ်လှယ်ရာ ရောက်တယ်လို့ Tim Cook က ပြောပါတယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးစေရာ ရောက်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest ကတော့ ဒီကိစ္စကို သမ္မတ အိုဘားမားအနေနဲ့ အရေးကြီးတဲ့ အမျိုးသားလုံခြုံရေး ဦးစားပေးပြဿနာ တရပ်လို့ ရှုမြင်ပြီး FBI နဲ့ တရားရေးဌာနတို့ရဲ့ Apple ကို မေတ္တာရပ်ခံချက်နဲ့ ပတ်သက်လို့ သမ္မတအနေနဲ့ အပြည့်အ၀ ထောက်ခံတယ်လို့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG